
ရခိုင်ပြည်နယ်ရဲ့ နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့ကို စစ်အာဏာရှင်တပ်က ဒီကနေ့ ဇွန် ၂၄ ရက် မနက် ၁၁ နာရီ မိနစ် ၄၀ မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။
မောင်တောမြို့၊ အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ နယ်စပ်လူငယ်ဖွံ့ဖြိုးရေးကျောင်းအနီးကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက် မသိသေးဘူးလို့ မောင်တောမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“အမှတ် ၇ က လူငယ်ဖွံ့ဖြိုးရေးကျောင်းအနီးမှာ ကျတယ်လို့ သိထားရတယ်။ အထိအခိုက် ရှိ၊ မရှိ အတိအကျ မသိရသေးဘူး။ ဗုံး ၂ လုံး ကြဲချသွားတာ။ ကျနော်တို့လည်း သွားမကြည့်ရသေးဘူး။”
မောင်တောမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု အသေးစိတ် သိရှိရဖို့ DVB က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဇွန် ၁၇ ရက်ကလည်း စစ်တပ်က ကျောက်တော်မြို့နဲ့ လမ်းမတော်ကျေးရွာကို ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၉ ယောက် သေဆုံးပြီး နောက်ထပ်လည်း ၁၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဈေးဆိုင်တွေနဲ့ အိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဇွန် ၁၄ ရက်နဲ့ ၁၅ ရက်ကလည်း ဂွနဲ့ ကျောက်ဖြူမြို့နယ်တို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲတာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ် ပျက်စီးမှုလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။










