
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို ဇွန် ၁၆ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံတဦးဖြစ်သူ ကိုနဂါးလေးက “ရွှေဘိုအခြေစိုက် လေ့ကျင့်ရေး ၈ တပ်ထဲကနေ အသေခံဒရုန်း ၅ စီးလွှတ်တယ်။ အဲ့ဒီထဲက ၂ စီးက ဝက်လက်တောင်ခြမ်းမှာရှိတဲ့ ဝက်လူးအိုင်ရွာထဲကျပြီး ပေါက်ကွဲတယ်။ နေအိမ်တချို့ ပျက်စီးပြီးတော့ အသက် ၅၀ ကျော် အမျိုးသမီး ၁ ယောက်ဆုံးတယ်။ ၂ ယောက် ဒဏ်ရာရကြတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ် လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၅ စီးထဲက ကျန် ၂ စီးဟာ သာလိုင်းရွာသစ်ကျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တချို့နဲ့ နွားစာတဲတွေ မီးလောင်ပျက်စီးခဲ့ပြီး နောက်ထပ်အသေခံဒရုန်း ၁ စီး ကျရောက်တဲ့နေရာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဝက်လူးအိုင်ကျေးရွာမှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတ်ဆုံ သေဆုံးသွားပြီး သူ့ရဲ့သား၊ သမီးတွေဖြစ်ကြတဲ့ ကိုသားပြည့် နဲ့ မချောချောတို့ ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပကဖ ရဲဘော်တယောက်က “အဲ့ဒီရွာတွေဘက်မှာ သူတို့ဘက်က စစ်ကြောင်းထိုးနေတာလည်း မရှိသလို ကျနော်တို့ဘက်က စခန်းတွေလည်း မရှိပါဘူး။ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဗျ” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်ထဲကို အခုလပိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုးတာတွေ မရှိပေမဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ ဒရုန်းတွေအသုံးပြုပြီး ကင်းထောက်တာတွေကို ပြုလုပ်နေတာဖြစ်လို့ ဒေသခံပြည်သူတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း သတိနဲ့နေထိုင်သွားလာကြဖို့ ဝက်လက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးတိုက်တွန်းထားပါတယ်။










