
လွတ်လပ်တဲ့ မန္တလေး မင်္ဂလာဆောင်
တကျောင်းတဂါထာ၊ တရွာ တပုဒ်ဆန်း ဆိုတာလိုပါပဲ။ မန္တလေးက မင်္ဂလာဧည့်ခံပွဲဓလေ့က ရန်ကုန်နဲ့မတူကွဲပြားခြားနားပါတယ်။
ရန်ကုန် မင်္ဂလာဆောင်ပွဲက ဧည့်ပရိသတ်စုံမှ သတို့သား၊ သတို့သမီးက ဘိသိတ်ဆရာ ဒါမှမဟုတ် မင်္ဂလာ အခမ်းအနားမှူးရဲ့ ဦးဆောင်မှုနဲ့ ခန်းမထဲကိုဝင်လေ့ရှိတယ်။ သူတို့ရောက်မှ ဧည့်ခံပွဲက အသက်ဝင်တယ်။ ဧည့်ပရိသတ်ကို ဧည့်ခံတဲ့ စားသောက်ဖွယ်ရာတွေကို အဆင်သင့် ခင်းကျင်းပြင်ဆင်ထားပေမယ့် ပရိသတ်အတွက် မြင်သာမြင်ရ မကြင်ရသေးပါဘူး။ ဘယ်လောက်ပဲ ဗိုက်ဆာဆာ မစားမသောက် အလှထိုင်ကြည့်နေရတာပါ။ မင်္ဂလာ အခမ်းအနား စပြီဖြစ်ကြောင်း ကြေညာလိုက်မှ ပရိသတ်က စတင်သုံးဆောင်ကြရတာ။
ဧည့်ပရိသတ်က စားသောက်ဖွယ်ရာတွေကို သုံးဆောင်နေစဉ်မှာ သတို့သား၊ သတို့သမီးက မင်္ဂလာပွဲစင်မြင့်ထက်မှာရှိနေတယ်။ စားသောက်နေတာ ပြီးစီးချိန်လောက်မှာ သတို့သား၊ သတို့သမီး က မိဘတွေနဲ့အတူ မင်္ဂလာခန်းမ အ၀င်ပေါက်ဝမှာ နေရာယူတယ်။ ဒီအခါမှာ ဧည့်ပရိသတ်က စားသောက်တာကို လက်စသတ်ပြီး ဧည့်ခံပွဲက ထပြန်ကြရတယ်။ ၀င်ပေါက်ဝမှာ စောင့်နေကြတဲ့ သတို့သား၊ သတို့သမီး နဲ့ မိဘတွေက ခန်းမထဲက ထွက်လာတဲ့ ဧည့်ပရိသတ်ကို တဦးချင်း နှုတ်ဆက်တယ်။
ရန်ကုန် မင်္ဂလာဆောင်က ဧည့်ပရိသတ်တွေဟာ တပြိုင်တည်းစား၊ တပြိုင်တည်း ထပြန်ကြရတယ်။
မန္တလေး မင်္ဂလာဆောင် ဓလေ့က မင်္ဂလာ ဧည့်ခံပွဲရဲ့ အချိန်က ဘယ်နှနာရီက ဘယ်နှနာရီအထိ ဆိုပြီးသတ်မှတ်ထားတယ်။ မင်္ဂလာပွဲ သွားမယ့်သူက သူဧည့်ခံမယ်ဆိုတဲ့ အချိန်ထဲက ကိုယ့်အားလပ်ချိန်ကို ကြည့်ပြီး ဧည့်ခံပွဲကို သွားလို့ဖြစ်ပါတယ်။
မင်္ဂလာ ခန်းမထဲမှာ သတို့သား သတို့သမီးက အဆင်သင့်ရှိနေပြီး ဧည့်သည်တွေကို တ၀ိုင်းပြီး တ၀ိုင်း လိုက်လံ နှုတ်ဆက်တယ်။ ကိုယ်ကစောစောပိုင်းအချိန်မှာ အားရင် စောစောသွား၊ ကိုယ်က နေမြင့်မှ အားရင် နေမြင့်မှသွား။ မင်္ဂလာခန်းမထဲ ၀င်သွားတာနဲ့ အပေါက်ဝမှာ ဧည့်ကြိုရှိတယ်။ လာတဲ့ဧည့်သည်ကို ခရီးဦးကြိုလုပ်ပြီး သင့်တော်မယ့်ဝိုင်းမှာ နေရာချပေးတယ်။ လာတဲ့ ဧည့်သည်က ပွဲစားကုန်သည်ဆိုရင် ပွဲစားကုန်သည်တွေရှိရာဝိုင်းကို ပို့ပေးမယ်။ လာတဲ့ဧည့်သည်က ပညာရေး အ၀န်းအ၀ိုင်းကဆိုရင် ဆရာဆရာမတွေများတဲ့ဝိုင်းကို ပို့ပေးတယ်။ ဒါမှမဟုတ် နီးစပ်ရာ အဆင်ပြေရာဝိုင်းမှာ နေရာချပေးမယ်။
မင်္ဂလာပွဲလာသူ ၀ိုင်းမှာထိုင်မိတာနဲ့ ဧည့်ခံကျွေးမွေးတဲ့ စားသောက်စရာတွေကို လာချပေးတယ်။ ဧည့်သည်က စားရုံပါပဲ။ ရန်ကုန်မှာလို တပြိုင်တည်းစား၊ တပြိုင်တည်းပြန် မဟုတ်ဘူး။ ကိုယ့်အားလပ်မှုပေါ်တည်ပြီး ခပ်သုတ်သုတ်စားပြီး ထပြန်လို့လည်း ရတယ်၊ ဒါမှမဟုတ် ၀ိုင်းထဲမှာ မိတ်ဆွေချင်းတွေ့လို့ ကျောက်ချထိုင်ပြီး အချိန်အကြာကြီး အေးအေးလူလူ စကားစမြည် ထိုင်ပြောလို့လည်းရတယ်။
မန္တလေး မင်္ဂလာဧည့်ခံပွဲက ပရိသတ်အတွက် ပိုလွတ်လပ်တယ်။ ဧည့်သည်က အဆင်ပြေတဲ့အချိန်လာ၊ ပြန်ချင်တဲ့အချိန်ပြန်နိုင်တယ်။ အချိန်မရရင် ခဏပဲ အချိန်ပေးပေမယ့် လူမှု ၀တ္တရားကျေတယ်။
တခါတလေ ပြက္ခဒိန်အရ ရက်က ရက်မြတ်ရက်ကောင်းဖြစ်နေလို့ ကိုယ်နဲ့သက် ဆိုင်တဲ့ မိတ်ဆွေတွေရဲ့မင်္ဂလာဆောင်က တဆောင်တည်းမဟုတ်ဘဲ တရက်တည်းမှာ နှစ်ဆောင်သုံးဆောင်၊ တပြိုင်တည်းဖြစ်နေရင်လည်း မန္တလေးမှာက မင်္ဂလာဧည့်ခံပွဲ တခုပြီး တခုသွားနိုင်တယ်။ ရန်ကုန်မှာလို အချိန်ပြည့်ထိုင်နေစရာ မလိုဘူး။
မန္တလေး မင်္ဂလာဧည့်ခံပွဲမှာ သတို့သား သတို့သမီးက ဧည့်ခံရတာ ပိုပြီး ပင်ပန်းတယ်။ ခန်းမဆောင်ထဲမှာ တ၀ိုင်းပြီးတ၀ိုင်း ပတ်သွားနေရတယ်။ စားပွဲဝိုင်းတခုမှာ ဦးဖြူ၊ ဦးညိုတို့ကို နှုတ်ဆက်ပြီး နောက်တ၀ိုင်းကို ကူးသွားချိန်မှာ ဦးညိုတို့က ထပြန်သွားတယ်။ တင်တင်တို့ ယဉ်ယဉ် တို့ ရောက်လာပြီး ဦးညိုတို့ ထိုင်သွားတဲ့ ၀ိုင်းနေရာလွတ်မှာ ၀င်ထိုင်တယ်။ သတို့သား၊ သတို့သမီးက သူတို့ ရောက်ပြီးသား ၀ိုင်းမှာ လူပြောင်းသွားပြီမို့ တကြော့ပြန်လာပြီး နှုတ်ဆက်စကား ပြောရပြန်တယ်။ တခါတလေတော့ ဧည့်သည်ကို မတွေ့လိုက်မိ၊ နှုတ်မဆက်မိဘဲ လွတ်သွားတာမျိုးလည်း ရှိတယ်။ ရန်ကုန် မင်္ဂလာ ဧည့်ခံပွဲ စတိုင်ကတော့ ဒီလိုလွတ်သွားတာမျိုး ဖြစ်ခဲတယ်။
ခန်းမထဲက စားပွဲနေရာတခုကို ဧည့်သည်တသုတ်ပြီးတသုတ် ထိုင်နိုင်လို့ နေရာတခုကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အသုံးပြုနိုင်တယ်။
လူမှု ဓလေ့တွေက တကျောင်း တဂါထာ တရွာ တပုဒ်ဆန်းပါပဲ။










