
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ထဲမှာ အဆောက်အအုံတွေ ဆောက်လုပ်နေထိုင်ပြီး အွန်လိုင်းလောင်းကစားဝိုင်းထောင်တဲ့ တရုတ်နိုင်ငံသားအများစု အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၂၆ ယောက်ကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့နယ် အနောက်ဘက် ပန်ကူကျေးရွာအနီး တောထဲမှာ နိုင်ငံခြားသားတွေ တရားမဝင် ဝင်ရောက်နေထိုင်တဲ့အပြင် အွန်လိုင်းလောင်းကစားမှုပါ လုပ်ကိုင်နေကြောင်း သတင်းရတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနေရာကို ဧပြီ ၇ ရက် မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အဆိုပါနေရာမှာ သွပ်မိုး၊ သွပ်ကာ၊ သုံးထပ်သားပြားခင်း လူနေအိမ် အဆောင်၊ အွန်လိုင်းလောင်းကစားလုပ်တဲ့ အဆောင်၊ စတိုးဈေးဆိုင်၊ မီးဖိုချောင်၊ စားဖိုဆောင် စတဲ့ အဆောက်အအုံ ၉ လုံးတို့ကို တွေ့ရှိတယ်။
အဲဒီမှာ ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားတဲ့ တရားမဝင် နိုင်ငံခြားသား တရုတ် ၁၂၅ ယောက်နဲ့ လာအိုတယောက် စုစုပေါင်း ၁၂၆ ယောက်တို့ကို အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းအတွက် အသုံးပြုတဲ့ မော်နီတာ ၁၂၀ လုံး၊ System ပုံး ၉၇ လုံး၊ All in One Computer ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင်စက် ၁၂ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံးနဲ့ မီးစက်ကြီး တလုံးတို့နဲ့အတူ သက်သေအဖြစ် သိမ်းဆည်းရမိခဲ့တယ်။
အဆိုပါပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်၊ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေကိုလည်း စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။










