DVB Logo
Home
Lead Story
တော်လှန်ရေးသမားကြီး တွေးတဲ့ ရေးတဲ့စာ
DVB
·
March 15, 2015
တော်လှန်ရေးသမားကြီး တွေးတဲ့ ရေးတဲ့စာ
1 / 2
Donate to DVB

နှစ်ပေါင်း ၅၀ ကျော် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သူ တိုင်းရင်းသားခေါင်းဆောင်တယောက်ရေးတဲ့စာအုပ် လက်ဝယ်ရရှိခဲ့ပုံက ဘ၀မှာ မကြုံဖူးတဲ့ ပုံမျိုးနဲ့ ရခဲ့တာပါ။

အစိုးရနဲ့ အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တို့ဖွဲ့ထားတဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ အန်စီစီတီရဲ့ ၁၇ ကြိမ်မြောက် စည်းဝေးပွဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ ချင်းမိုင်မှာလုပ်တော့ သတင်းသွားယူရင်း အမှတ်မထင် ရခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ အန်စီစီတီစည်းဝေးခန်းမထဲ မ၀င်ခင် အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ အလုပ်သဘောပြောဆိုဖြစ်ကြပြီး ခန်းမထဲဝင်လိုက်တော့ စာအုပ်အစည်း ၂ ခု ဖြေလျှော့ ပုံချထားတာ တွေ့လိုက်ရပါတယ်။ ကမန်းကတန်းကောက်ကြည့်လိုက်တော့ ထင်ရှားတဲ့ တိုင်ရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင်နဲ့ မွန်ခေါင်းဆောင် နိုင်ဟံသာတို့ ပုံတွေနဲ့ စာအုပ်တွေဖြစ်နေတာတွေ့လိုက်ရပြီး ၀ယ်ယူတောင်းယူတော့ စီစဉ်သူဖြစ်ဟန်တူတဲ့ ချင်းခေါင်းဆောင် ဆလိုင်း လျန်မှုန်းက တအုပ်စီ ပေးလိုက်ပါတယ်။ ဦးအေးသာအောင်ရေးတဲ့ ရခိုင်အမျိုးသားအရေးနှင့် ပြည်ထောင်စုပြသနာစာအုပ်၊ နိုင်ဟံသာရေးတဲ့ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး။ ၀ါရင့်တိုင်းရင်းသားခေါင်းဆောင်နှစ်ယောက်ရဲ့ အတွေးအမြင်တွေစုစည်းထားတဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တွေ ဖြစ်နေပါတော့တယ်။

အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ ရောက်ဖြစ်တိုင်း ဒီလိုပါလို့ အစချီပြီး လေအေးအေးနဲ့ မီဒီယာကို စကားပြောတတ်တဲ့ ဆရာနိုင်ဟံသာစာအုပ် အရင် ပွဲထုတ်မိတ်ဆက်တင်ပြလိုပါတယ်။

ရာစုနှစ်ထက်ဝက်ကျော် လက်နက်ကိုင်တော်လှန်ရေးလုပ်လာသူတယောက်မို့ သူ့အပြောအရေးတွေ တင်းမာခက်ထန်နေမယ်လို့ ထင်ထားရင်မှားပြီး ခိုင်မာစွာဆုပ်ကိုင်ထားတဲ့ နိုင်ငံရေးမူဘောင်ကို လေအေးအေးနဲ့ တခါတရံ ဖောက်ခွဲထုတ်လို့ ရေးသားတင်ပြထားတာ တွေ့ရပါမယ်။

နိုင်ဟံသာဟာ တဘက်မှာ လက်နက်ကိုင်တော်လှန်ရေးလုပ်ရင်း တဘက်မှာ ပြည်သူတွေသိထားသင့်တဲ့ အကြောင်းအရာတွေကို ကလောင်လက်နက် နဲ့ ရေးသားတင်ဆက်ခဲ့တာ စာအုပ်ထဲပါတဲ့ မှတ်တမ်းတွေအရ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ပန်းဝေေ၀ စာအုပ်တိုက်က ထုတ်ဝေပြီး တိုင်းရင်းသားလူမျိုးများရေးရာ သုတေသနအသင်းက ဖြန့်ချိလိုက်တဲ့ နိုင်ဟံသာရဲ့ စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး ဆောင်းပါးပေါင်းချုပ်စာအုပ်မှာ ဆောင်းပါး ၂၇ ပုဒ် ပါဝင်ပါတယ်။ အုပ်ရေ ၁၀၀၀ ထုတ်ပြီး စာအုပ်ရောင်းဈေးက ကျပ် ၂၀၀၀ ပါ။

နိုင်ဟံသာဟာ ဒီဆောင်းပါးတွေကို ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ရေးသားခဲ့တာဖြစ်ပြီး နယ်စပ်မှာထုတ်ဝေခဲ့ဖူးတဲ့ စာစောင်တွေမှာ ပုံနှိပ်ဖော်ပြပြီး ဆောင်းပါးတွေလည်း ပါပါတယ်။ လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် နိုင်ဟံသာက သူ စာမရေးတတ်ပါဘူးလို့ သူ့အမှာစာမှာ အခုလို ဆိုထားပါတယ်။

"လက်နက်ကိုင်တိုက်ပွဲဝင်ရင်း အာဏာရအစိုးရအဆက်ဆက်တို့၏ တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် ဖိနှိပ်ဝါးမျိုးနေသည့် လုပ်ရပ်များကို ပြည်သူများမှ သိရှိနားလည်လာစေရေး ဦးတည်ချက်ဖြင့် စတင်ရေးသားလာခဲ့သည်။စာရေးရာတွင် အတွေ့အကြုံရှိသူ ကျွမ်းကျင်သူတယောက် မဟုတ်ပါ။ လိုအပ်မှုအရ ကြိုးစားပြီး ရေးသားနေခြင်းဖြစ်သောကြောင့် အားနည်းချက်များရှိပါက နားလည်ခွှင့်လွှတ်စေလိုပါသည်။"

ဒီအမှာမှာပဲ သူ ဘာကြောင့် စာရေးသလဲဆိုတာ ပြောပြသွားပါတယ်။

nai han tar1အာဏာရအစိုးရအဆက်ဆက်တို့၏ တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် ဖိနှိပ်ဝါးမျိုးနေသည့် လုပ်ရပ်များကို ပြည်သူများမှ သိရှိနားလည်လာစေရေး ဦးတည်ချက်

နိုင်ဟံသာ စာရေးဖြစ်ရခြင်းအကြောင်းရင်း။

၂၀၀၆ လောက်ကစပြီး သူ ရေးထားတဲ့ဆောင်းပါးတွေကို စုစည်းထုတ်ဝေခဲ့ဖူးပြီး နယ်စပ်ဒေသတော်လှန်ရေး နယ်မြေမှာပဲ ထုတ်ဝေခဲ့ရတာမို့ ဒီတကြိမ်ပြည်တွင်းမှာ ထုတ်ဝေခွင့်ရတာလည်း ထူးပါတယ်။

နယ်စပ်ဒေသနေပြည်သူတွေအပါအ၀င် တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူအများစု ဖတ်ရှုခွင့် ရနိုင်တာမို့ အကျိုးလည်း ထူးပါလိမ့်မယ်။ နိုင်ဟံသာစာအုပ်ဖတ်ပြီး တိုင်းရင်းသားတွေ ရာစုနှစ်ထက်ဝက်ကျော် ဘာကြောင့်လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြသလဲဆိုတာ အလုံးစုံ အကုန်အစင် မဟုတ်သည့်တိုင် ရိုးတိုးရိပ်တိတ် သိသွားနိုင်ပါတယ်။

အခု ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အမျိုးသားပညာရေးကိစ္စ တိုင်းပြည်ထဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေလို့ နိုင်ဟံသာအမှာထဲပါတဲ့ တိုင်းရင်းသား စာပေ ဘာသာ ပညာရေး ခံစားချက် တစွန်းတစ မြည်းစမ်းကြည့်ဖို့ ကောက်နုတ်ပါဦးမယ်။

"သိသာထင်ရှားသော သာဓကတခုကို တင်ပြရသော် ဗမာစာကို နိုင်ငံတ၀န်းလုံး တက္ကသိုလ်အဆင့်အထိ နေ့စဉ်သင်ကြားနေသော်လည်း တိုင်းရင်းသားစာပေများကို ၎င်းတို့ဆိုင်ရာနယ်မြေများ၌ မူလတန်းအဆင့်တွင်ပင် သင်ကြားခွင့်မပြုပါ။ ဤသည်ကို တန်းတူညီမျှမှုရှိသည်ဟု မည်သို့ လက်ခံ ရမည်နည်း။"

၂၀၀၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း နိုင်ဟံသာရေးခဲ့တဲ့ ဆောင်းပါးတွေထဲက ၂၇ ပုဒ်ကို စုစည်းထားတဲ့ စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး စာအုပ်မှာ ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏ အဆင့်နေရာ၊ ပြည်ထောင်စုဖွဲ့စည်းရေး ပြဿ   နာ၊ ကမ္ဘာ့ရွာနဲ့အညီ ဘာတွေပြင်ဖို့ လိုနေပြီလဲ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ၊ ဒီမိုကရေစီနဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့က ဒင်္ဂါးပြားရဲ့ ပန်းနဲ့ခေါင်း၊ လက်နက် နဲ့ ငြိမ်းချမ်းရေးပြဿ    နာ စတဲ့ ဆောင်းပါးတွေ ပါဝင်ပြီး ခေါင်းစဉ်တွေကြည့်လိုက်တာနဲ့တင်  ပြည်ထောင်စုနဲ့ တိုင်းရင်းသားအရေး ဦးစားပေးရေးဖွဲ့ တင်ပြထားတာ တွေ့နိုင်ပါတယ်။

၂၀၁၁ ခုနှစ်အထိရေးထားတဲ့ လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်ရဲ့ ဆောင်းပါးတွေထဲမှာ လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွေ့အကြုံတွေအကြောင်း ပါမလာသေးပါဘူး။

ဆရာနိုင်ဟံသာရဲ့ ဆောင်းပါးတွေဖတ်ကြည့်လိုက်ရင် နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားတို့ရဲ့ ဘ၀ စိတ်ခံစားချက် တို့ကို ကိုယ်ချင်းစာစိတ်နဲ့ မြင်ယောင်လာမိပြီး တန်းတူညီမျှမှု ဖက်ဒရယ်ပြည်ထောင်စု ဆိုတာတွေ သူတို့ ဘာလို့ အစဉ်တစိုက် တောင်းဆိုနေကြတာလဲ တွေးမြင်မိပါလိမ့်မယ်။ ဒါ့အပြင် ၀ါရင့်တော်လှန်ရေးသမားကြီးတယောက်ရဲ့ နိုင်ငံရေးတွေးခေါ်မှုရေချိန်ကိုလည်း မှန်းဆမိနိုင်ပါလိမ့်မယ်။

၂၇ ပုဒ်မြောက် ဆောင်းပါးအဖြစ်ဖော်ပြထားတဲ့ နိုင်ငံခြားအရင်းနှီးနှင့် ရှမ်း-ကချင် ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ဆောင်းပါးကို နိုင်ဟံသာရေးခဲ့တဲ့ ရက်စွဲက ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလဖြစ်ပြီး အဲ့ဒီဆောင်းပါးမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအန္တရာယ်အကြောင်း သူ့ရဲ့ ထောက်ပြ ရေးသားချက်ဟာ ခေတ်မီ တောက်ပနေတာ  တွေ့ရပါတယ်။

-နိုင်ဟံသာက တရုတ်ရင်းနှီးမြှုပ်နှံမှု နိုင်ငံထဲ ကြီးကြီးမာမားဝင်လာရင် တရုတ်က အဲ့ဒီရင်းနှီးမြှုပ်နှံမှုကိုကာကွယ်ဖို့ သူတို့သြဇာအာဏာကိုထုတ်သုံးပြီး တရုတ်သြဇာခံနိုင်ငံဖြစ်လာဖို့ သေချာတယ်ဆိုတာ တချက်။

-နိုင်ငံထဲ လက်ရှိ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးစီမံကိန်းတွေမှာ တရုတ်လူမျိုးတွေပဲ အသုံးပြုထားတယ်၊ နိုင်ငံထဲ နည်းအမျိုးမျိုး နဲ့ရောက်နေပြီး နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားနိုင်သူ တရုတ် သိန်းနဲ့ချီရှိနှင့်ပြီးဖြစ်သလို မြန်မာပြည်မြောက်ပိုင်းမြို့ကြီးတွေလည်း တရုတ်မြို့ကြီးတွေ ဖြစ်ကုန်ပြီ။ ဒါကြောင့် တရုတ်လူမျိုးအရေးဟာ အနာဂတ်မြန်မာနိုင်ငံအတွက် ဖြေရှင်းရခက်မယ်ဆိုတာ တချက်နဲ့၊

-တိဘက်ဒေသကို သိမ်းယူလိုက်ပြီးတဲ့နောက် အခု တိဘက်မှာ တရုတ်လူမျိုး ၈၀ ရာခိုင်နှုန်းရောက်ရှိနေထိုင်နေပုံ တချက် ဥပမာပေးလို့ တဖုံ ဝေဖန်ထောက်ပြထားပါတယ်။

လတ်တလော ပြည်တွင်းမှာဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင်သူအရေးနဲ့ ဆက်စပ် တွေးမြင်ကြည့်ဖို့ ကောင်းသလို လတ်တလောဖြစ်ပွားနေတဲ့ ကိုးကန့်တိုက်ပွဲနဲ့ ဆက်စပ်ဆင်ခြင်စရာတွေလည်း နိုင်ဟံသာက အခုလို ရေးသားထားပါတယ်။

"တရုတ်ပြည်၏ စီးပွားရေး အရင်းအနှီးကို လက်ခံပြီး ၎င်းတို့ထံမှရလာသော ငွေကြေး၊လက်နက်အကူအညီများဖြင့် မိမိတို့နိုင်ငံသားအချင်းချင်းအပေါ် စစ်ပြုတိုက်ခိုက်နေခြင်းသည် တိုင်းပြည်ကို အကျိုးပြုသောလုပ်ရပ် ဖြစ်ပါသလား၊ မိမိတို့နိုင်ငံသားအချင်းချင်း ညီညွတ်မှုပျက်ပြားပြီး ပဋိပက္ခကြီးမားနေပါက ပြင်ပအန္တရာယ်ကို ဖိတ်ခေါ်ဆွဲသွင်းလာနေခြင်း ဖြစ်မနေပေဘူးလား။"

တော်လှန်ရေးအတွေ့အကြုံ မပါသလောက်နည်းပြီး တချို့ဆောင်းပါးတွေ စာတမ်းဆန်ဆန်ရှည်လျားလွန်းနေတာ ပြောစရာဖြစ်ရပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကို တိုင်းရင်းသားတွေ ဒီလောက် နှစ်ရှည်လများ ဘာကြောင့် ဆင်နွှဲနေကြသလဲဆိုတာ ခံးစားသိမြင် သွားနိုင်မှာတော့ သေချာကြောင်းပါခင်ဗျာ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013