DVB Logo
Home
မြန်မာသတင်း
သင်္ဘောနစ်မြုပ်မှု သေဆုံးသူ တိုးလာနိုင်ဟု လွှတ်တော်အမတ်ပြော
DVB
·
March 14, 2015
သင်္ဘောနစ်မြုပ်မှု သေဆုံးသူ တိုးလာနိုင်ဟု လွှတ်တော်အမတ်ပြော
Donate to DVB

မတ် ၃ ရက်နေ့ ညက နစ်မြုပ်သွားတဲ့ အောင်တံခွန်သင်္ဘောက သေဆုံးသူဦးရေဟာ သက်ဆိုင်ရာက ကြေညာထားတဲ့ အရေအတွက်ထက် များနိုင်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

သက်ဆိုင်ရာက သင်္ဘောလက်မှတ်ဖြတ်ထားတဲ့ ခရီးသည် ၂၀၀ ကျော်ထဲကနေ အလောင်းရရှိမှုကို နုတ်ပြီး ကျန်တဲ့သူ ကယ်တင်ရရှိခဲ့တယ်လို့ ပြောဆိုနေတာဖြစ်ကြောင်း၊ လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ ပြောဆိုချက်အရ သင်္ဘောပေါ်မှာ ခရီးသည် ၄၀၀ လောက် လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

လတ်တလောသိရတဲ့ သတင်းတွေအရ အလောင်း ၄၀ ကျော် ရရှိထားပြီး နောက်ထပ်အလောင်းရရှိမှုအပေါ် မူတည်ပြီးတော့မှ သေဆုံးသူဦးရေ အရေအတွက်အမှန်ကို သိနိုင်လိမ့်မယ်လို့ မြေပုံအမတ် ဦးဖေသန်းက ပြောပါတယ်။

“အခုလောလောဆယ်ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေကိုမေးကြည့်တော့ အလောင်းက ၄၀ ကျော်နေပြီလို့ ပြောတယ်။ ၀န်ကြီးချုပ်ပြောတာကတော့ သင်္ဘောကပ္ပတိန်က အရက်မူးပြီးတော့ လမ်းကြောင်းမှားသွားတယ်လို့လည်း ပြောတယ်။ တချို့ပြောတာကလည်း သင်္ဘောဗိုက်ပေါက်ပြီးတော့ မြုပ်သွားတယ်လို့ ပြောတယ်။ လောလောဆယ်သေတဲ့သူ စာရင်းဇယားက သူ့ဟာနဲ့သူ ထွက်မလာဘူး။ ဘာလို့ဆိုတော့ လက်မှတ်ဖြတ်တဲ့သူကနေ သေတဲ့သူကို နုတ်လိုက်ရင် ကျန်တဲ့သူ အသက်ရှင်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အသက်ရှင်တဲ့သူက လက်မှတ်ဖြတ်တဲ့လူကို နုတ်ပြီးတော့ ကျန်တဲ့သူကိုပဲ သေဆုံးတယ်လို့ သတ်မှတ်လို့ မရဘူး။ လက်မှတ် မပါဘဲ သင်္ဘောပေါ်ပါလာတဲ့သူ အများကြီးလို့ ခရီးသည်တွေက ပြောတယ်။”

သင်္ဘောဝမ်းခေါင်းထဲ ပိတ်မိနေတဲ့သူတွေနဲ့ မြုပ်နေတဲ့အလောင်းတွေလည်း ရှိနိုင်သေးတာမို့ သေဆုံးသူအရေအတွက် ဒီ့ထက်များဖို့ပဲ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေတဲ့ အောင်တံခွန်သင်္ဘောအပါအ၀င် သင်္ဘောအများစုဟာ ဟောင်းနွမ်းနေပြီဖြစ်ပြီး ပင်လယ်ရေငန်စားတဲ့ဒဏ်ကြောင့် သင်္ဘောဝမ်းဗိုက်ပေါက်တာမျိုးတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရေလမ်းခရီးကို ရှပ်ပြေးယာဉ်တွေ ပြေးဆွဲတဲ့ခေါက်ရေနည်းတာကတကြောင်း၊ ဈေးနှုန်းမြင့်မားတာတကြောင်းတို့ကြောင့် ဒေသခံအများစုဟာ ဈေးနှုန်းချိုသာတဲ့ ဒီသင်္ဘောတွေကိုပဲ အားထား သွားလာနေကြရတာလည်း ဖြစ်ပါတယ်။

အစိုးရကြေးနန်းတခုအရ အောင်တံခွန်သင်္ဘောပေါ်မှာ ရေယာဉ်အုပ် ဦးလှမောင်သိန်းပါ ရေယာဉ်အမှုထမ်း ၁၀ယောက်ခန့်၊ တောင်ကုတ်ခရီးသည် ၇၆ ယောက်ခန့်၊ ကျောက်ဖြူခရီးသည် ၉၃ယောက်ခန့် စုစုပေါင်း ၁၇၉ ယောက်ခန့် လိုက်ပါသွားတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ခံ သတင်းသမား ကိုထွန်းထွန်းနိုင်ကတော့ သဘောင်္ပေါ်မှာ လူဦးရေ ၃၀၀ လောက် လိုက်ပါသွားပြီး ၁၇၀ လောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း၊ သေဆုံးသူ ၁၀၀ ကျော်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သင်္ဘောဟာ ကျောက်ဖြူမြို့ကနေ စစ်တွေမြို့ကို ဦးတည်ခုတ်မောင်းနေတုန်း မတ် ၁၃ ရက် ည ၈ နာရီခွဲလောက်မှာ မြေပုံမြို့နယ်၊ ငပယုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး တိမ်းမှောက်ခဲ့တာလို့ အဲ့ဒီကြေးနန်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013