
နည်းပြမီခေးလ်အာတေတာရဲ့ အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၂ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကျော့ပြန် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယား ဒုတိယနေရာကနေ ဖိအားပေးနေတဲ့ မန်စီးတီးအသင်းက ဘုန်းမောက်နဲ့ တဖက်တဂိုးစီ သရေကျသွားခဲ့လို့ အာဆင်နယ်အသင်းဟာ ၁၀ စုနှစ် ၂ ခုကျော် ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံဆုကို အခိုင်အမာရရှိသွားတာပါ။
ဒါဟာ အာဆင်နယ်အနေနဲ့ ၃ နှစ်ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရမှုကို အဆုံးသတ်စေခဲ့ပြီး၊ လာမဲ့ တနင်္ဂနွေနေ့ ဆဲလ်ဟတ်စ်ပါ့ခ်ကွင်းမှာ နောက်ဆုံး ပွဲစဉ်ကို ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရဖို့ရှိပြီး ပွဲရလဒ်ဘယ်လိုပဲဖြစ်ဖြစ် ဆုဖလားကို လက်ခံရယူ အောင်ပွဲခံဖို့ ရှိနေပါတယ်။
အာဆင်နယ် ပရိသတ်တွေကတော့ လန်ဒန်မြို့ရှိ အာဆင်နယ်ရဲ့ အိမ်ကွင်း အဲမ်မရိတ်စ်ကွင်းကြီးရှေ့မှာ မနေ့ညကတည်းက သွားရောက် အောင်ပွဲခံနေကြပါတယ်။
အခုနှစ်ရာသီတလျှောက်လုံးနီးပါး အာဆင်နယ်တို့ ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဧပြီလမှာ ဂွါဒီယိုလာရဲ့ မန်စီးတီးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ကာ ချန်ပီယံလမ်းကြောင်း အနည်းငယ် ယိမ်းယိုင်သွားခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ ဂန်းနားတို့ ပြန်လည်ရုန်းကန်လာနိုင်ခဲ့ပြီး မန်စီးတီးကို ကျော်ဖြတ်ကာ ၂၀၀၃-၀၄ ရာသီတုန်းက ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယား လိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီချန်ပီယံဆုဟာ အာဆင်နယ်အသင်း ၆ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်စေခဲ့ပြီး၊ အမ်းမရိတ်စ်ကွင်းမှာ မန်နေဂျာအဖြစ် တာဝန်ယူခဲ့ပြီးနောက် အာတေတာအတွက် ဒုတိယမြောက် အဓိက အောင်မြင်မှုလည်း ဖြစ်ပါတယ်။
ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ သူနဲ့ သူ့ရဲ့ အသင်းဖော်တွေပါဝင်တဲ့ ဓာတ်ပုံတပုံကို "ငါ မင်းတို့ကို ပြောခဲ့သားပဲပြီးပြည့်စုံသွားပြီ"ဆိုတဲ့ စာသားနဲ့အတူ အင်စတာဂရမ်မှာရေးတင်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်က အာဆင်နယ်အသင်းကို နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးကလည်း အာဆင်နယ်အသင်းရဲ့ X အကောင့်ရှိ အောင်ပွဲခံပို့စ်မှာ "မင်းတို့ လုပ်နိုင်ခဲ့ပြီ။ တခြားသူတွေ ရပ်တန့်သွားတဲ့အချိန်မှာ ချန်ပီယံတွေက ဆက်သွား နေတတ်တယ်။ ဒါက မင်းတို့ရဲ့ အချိန်ပဲ။ အခု ဆက်သွားပြီး အချိန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါ"လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နည်းပြကြီးအာစင်ဝင်းဂါးရဲ့ ဦးဆောင်မှုအောက်မှာ ရာသီတလျှောက်လုံး ရှုံးပွဲမရှိ စံချိန်နဲ့ ကစားခဲ့တဲ့ ၂၀၀၃-၀၄ ရာသီက နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာဖြစ်ပြီး အခု ၂၀၂၅- ၂၆ ရာသီကျမှာ တကျော့ပြန်ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။
အရင်က ချန်ပီယံဆု ၂ ကြိမ်ရရှိခဲ့ဖူးတဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အလန်စမစ်ကလည်း ပြီးခဲ့တဲ့ ရာသီတွေက အနည်းငယ်စီ လွဲချော်ခဲ့ပြီးနောက် အခုတော့ သူ့အသင်းဟောင်း ပန်းတိုင်ရောက်သွားတာကို မြင်တွေ့ရလို့ အလွန်ဝမ်းသာမိကြောင်း ပြောပါတယ်။
မနေ့ည မန်စီးတီး သရေပွဲမှာ တွဲဖက်သုံးသပ်သူအဖြစ် ပါဝင်ခဲ့တဲ့ Sky Sports မှ စမစ်က "အရမ်းကောင်းပါတယ်။ ဒါဟာ လုံးဝထိုက်တန်တဲ့ အောင်မြင်မှုပါပဲ။ အာဆင်နယ်မှာ အကောင်းဆုံး ခံစစ်ရှိခဲ့တယ်။ အကောင်းဆုံး တိုက်စစ် မရှိခဲ့ပေမဲ့ တသင်းလုံးအနေနဲ့ ကြည့်ရင်တော့ မီခေးလ် အာတေတာက မယုံနိုင်လောက်အောင်ကို ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်"လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ကလပ်သမိုင်းတလျှောက် တကြိမ်မှ မရခဲ့ဖူးသေးတဲ့ ဥရောပချန်ပီယံလိဂ် ဖလားပြိုင်ပွဲမှာလည်း ပြင်သစ် PSG အသင်းနဲ့ ဗိုလ်လုပွဲကစားရဖို့ရှိပြီး ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ လက်တကမ်းအလိုမှာရောက်ရှိနေပါတယ်။
စမစ်က"ဒီလောက် အချိန်အကြာကြီး ဗိုလ်မစွဲဖူးတဲ့အခါ စိတ်လှုပ်ရှားစရာ အချိန်တွေတော့ ရှိလာမှာပဲ၊ အာဆင်နယ်မှာလည်း အဲဒီလို အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့ လွတ်လွတ်လပ်လပ် ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုဆို ချန်ပီယံလိဂ် ဗိုလ်လုပွဲက သူတို့အတွက် ဖိအားကင်းကင်းနဲ့ ကစားရမဲ့ပွဲလိုမျိုးတောင် ခံစားရပါတယ်"လို့ သုံးသပ်ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီ အသင်းနဲံ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ မေ ၃၀ ရက်နေ့မှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
Source: Sky Sport










