
မြေယာနဲ့ပတ်သက်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေ အားနည်းမှုကြောင့် မြေယာပြဿ နာတွေဖြစ်နေတယ်လို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောဆိုလိုက်ပါတယ်။
မတ်လ ၁၄ ရက်နေ့က နေပြည်တော် MICC2 မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ မြေအသုံးချမှုစီမံခန့်ခွဲမှု ဗဟိုကော်မတီနဲ့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ မြေအသုံးချမှုဆိုင်ရာ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်တာပါ။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ မြေတွေအတွက် လျောကြေးပေးဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
မြေသိမ်းဆည်းမှုတွေနဲ့ပတ်သက်ပြီး လျော်ကြေး၊ နစ်နာကြေးပေးတဲ့အခါ ဥပဒေအရ ကာလပေါက်ဈေးနဲ့ပေးဖို့ကို လယ်ယာမြေ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ပြောဆိုသွားပါတယ်။
အခမ်းအနားမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်ခြေက အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေတွေကို မျက်ကွယ်ပြုဆောင်ရွက်သွားတာရှိသလို မြေပြင်ကွင်းဆင်မကြည့်ပဲနဲ့ မြေပုံပေါ်မှာ သိမ်းဆည်းလိုက်တာကြောင့် မှန်ကန်တဲ့ပြည်သူတွေအတွက် မနစ်နာအောင်ဆောင်ရွက်ပေးဖို့ကို အစည်းအဝေးမှာ ပြောသွားတယ်လို့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း အုပ်ချုပ်ခဲ့တဲ့ န၀တ၊ နအဖ စစ်အစိုးရဟာ နိုင်ငံ တ၀န်းက လယ်ယာမြေ ဧကပေါင်းထောင်ပေါင်းများစွာကို သိမ်းဆည်းခဲ့သလို ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်တွေ ချထားပေးတဲ့အတွက် လယ်သမားတွေ လယ်မဲ့ယာမဲ့ဘ၀ရောက်ခဲ့ကြပြီး သူတို့ လယ်မြေတွေ ပြန်ရရေး ကြိုးပမ်း တောင်းဆိုနေကြပါတယ်။
သတင်းဓာတ်ပုံ - အောင်ကြီး
[gallery ids="85612,85613,85614,85615,85616,85617,85618,85619,85620"]










