DVB Logo
Home
နိုင်ငံတကာ
မူးယစ်ဆေးဝါးသယ်လာသည့် ထိုင်းအမျိုးသမီး ၁ ဦးကို ဂျပန်လေဆိပ်တွင် ဖမ်းဆီး
DVB
·
July 28, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်းအမျိုးသမီးတယောက်ရဲ့ ခရီးဆောင်အိတ်အတွင်း ကော်ဖီထုပ်တခုထဲမှာ ဝှက်သယ်ဆောင်လာတဲ့ အိုက်စ် မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့လို့  ဂျပန်နိုင်ငံလေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီး ဂျုထာသစ်ပ် သောင်နွိုင်ဟာ ဇူလိုင် ၁၁ ရက်က သူ့ရဲ့ ချစ်သူနဲ့ တခြားအဖော်တယောက်တို့နဲ့အတူ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကနေ ထိုင်းအဲအေးရှား လေကြောင်းလိုင်းနဲ့ ထွက်ခွာခဲ့ပြီး ဇူလိုင် ၁၂ ရက်မနက်မှာ  ဖူကူအိုကာ  လေဆိပ်သို့ ရောက်ရှိခဲ့ရာမှာ သူတို့ရဲ့ ခရီးဆောင်အိတ်တွေကို ဂျပန် အကောက်ခွန်အရာရှိတွေက စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ 

ဂျုထာသစ်ပ် သယ်ဆောင်လာတဲ့ ပစ္စည်းတွေထဲ ပါဝင်တဲ့ ကော်ဖီထုပ်အတွင်း မက်သဖက်တမင်း (အိုက်စ်)မူးယစ်ဆေးဝါးတွေ ဝှက်ထားတာကို တွေ့ရှိတယ်ဆိုပြီး အာဏာပိုင်တွေက သူ့ကို ထိန်းသိမ်းလိုက်တာလို့  မိသားစုက ပြောပါတယ်။

ထိုင်းအမျိုးသမီးရဲ့ ချစ်သူ စရာဝုတ် ကလပ်ဒီက ဂျုထာသစ်ပ်ဟာ လွန်ခဲ့တဲ့နှစ်ကစလို့ "THIENTHIEN SHOP" အမည်ရှိ Line အုပ်စုကို တည်ထောင်ကာ ထိုင်းနဲ့ ဂျပန်နိုင်ငံအကြား ပါဆယ်ထုပ် ပို့ဆောင်ရေးဝန်ဆောင်မှုကို လုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဇူလိုင် ၁၀ ရက်မှာ “ing ing” ဟု နာမည်သုံးထားတဲ့  Line သုံးစွဲသူ ဖောက်သည်တယောက်က အုပ်စုကို ဆက်သွယ်လာပြီး ၁၂ ကီလိုဂရမ် အလေးချိန်ရှိ ပါဆယ်ထုပ်တထုပ်ကို ဘတ် ၃,၆၀၀ အခကြေးငွေနဲ့ ဂျပန်သို့ သယ်ဆောင်ပေးဖို့ ငှားရမ်းခဲ့ကြောင်း အဆိုပါ ပါဆယ်ထုပ်မှာ တိပ်အထူနဲ့ ပိတ်ထားလို့ ဂျုထာသစ်ပ်အနေနဲ့ အထုပ်အထဲမှာပါတဲ့အရာတွေကို  ဖွင့်စစ်ခဲ့ခြင်း ရှိ၊ မရှိ မသေချာဘူးလို့ ပြောပါတယ်။

သူ့မိသားစုက အထုပ်ပို့ဆောင်ရေး လုပ်ကိုင်သူတွေကို အသုံးချနေတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းရဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့လည်း ဂျပန်အာဏာပိုင်တွေက  ထိုင်းရဲတပ်ဖွဲ့ထံ တောင်းဆိုထားပါတယ်။

ဖမ်းဆီးခံရတဲ့ ထိုင်းအမျိုးသမီးရဲ့ မိသားစုဟာ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ထိုင်းဖောက်သည်တွေအတွက် ပါဆယ်ထုပ်တွေ သယ်ယူပို့ဆောင်ပေးတဲ့ အမြန်ချောပို့လုပ်ငန်းကို လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။

ဇူလိုင် ၂၂ ရက်မှာ ထိုင်းကောင်စစ်ဝန်ရုံးရဲ့ အကူအညီနဲ့ သူ့မိခင်ဖြစ်သူက သူတို့သမီး နေထိုင်ရာ အိမ်ရာဝင်းအတွင်းမှ လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုခဲ့ပြီး ပါဆယ်ထုပ် လာရောက်ပို့ဆောင်သူ ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးရေးမှူးတွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဂျုထာသစ်ပ်အနေနဲ့ မသယ်ဆောင်မီ ပါဆယ်ထုပ်ကို သေချာစစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြောင်း မိသားစုက ဝန်ခံခဲ့ပေမဲ့ သူဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုမရှိခဲ့ဘူးလို့ အခိုင်အမာ ပြောပါတယ်။

သူ့ရဲ့မိသားစုကတော့ အဆိုပါ ပါဆယ်ထုပ်ကို သူ့ထံ ပေးအပ်ခဲ့သူကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ဘာမျှမသိဘဲ ပစ္စည်းသယ်ပေးရတဲ့ ချောပို့သမားကနေတဆင့် အထုပ်တွေထဲကို မူးယစ်ဆေးဝါး ဝှက်သယ်ခိုင်းတဲ့ လတ်တလော တခြားဖြစ်စဉ်တွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ဖော်ထုတ်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ဇွန် ၂၅ ရက်ကလည်း မဲလ်ဘုန်းမြို့ကို မူးယစ်ဆေးဝါး ဘိန်းဖြူ ၁ ကီလိုဂရမ်ကျော် မှောင်ခိုတင်သွင်းခဲ့တဲ့ ထိုင်းအမျိုးသားလေကြောင်းလိုင်းဝန်ထမ်း လေယာဉ်မယ် တယောက်ကို သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ပါတယ်။

Source: Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013