DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး အသတ်ခံရ
DVB
·
March 14, 2015
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်ထဲမှာ မြန်မာအလုပ်သမားတဦး ရေနစ်သတ်ခံရပြီး ဇနီးဖြစ်သူ မုဒိမ်းကျင့်ခံရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၁၂ ရက်နေ့ မနက်က ဆူဖန်ဘူရီမြို့ လို့ယိုင်ရပ်ကွက်က ရထားလမ်းဘေးအနီး ငါးမွေးမြူရေးကန်ထဲမှာ လူသေအလောင်းတလောင်း ပေါ်နေကြောင်း သတင်းပေးပို့ချက်အရ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေး လူနာတင်ကားတွေ သွားကြည့်တဲ့အခါ  ရေထဲမှာ မျောနေတဲ့ အသက် ၃၅ နှစ်ရွယ် လူတဦးအလောင်းကို  တွေ့ရှိတယ်လို့  ဆူဖန်ဘူရီမြို့မ ရဲစခန်းတာဝန်ကျ ရဲအုပ် နိုင်းဆုထိပ် မုံးကွတ်ကျကဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

အလောင်းမှာ အ၀တ်အစားမပါ ဘောင်းဘီတိုတထည်တည်းသာ ၀တ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ မာကျောသောအရာနဲ့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေရှိပြီး လွန်ခဲ့တဲ့ ၂ ရက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ ရဲအုပ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အနီးနားဝန်းကျင်က မျက်မြင်သက်သေတွေ ခေါ်ယူစစ်ဆေးရာမှာ  သေဆုံးသူဟာ မြန်မာအလုပ်သမားတဦးဖြစ်ကြောင်း၊ သူဟာ မြန်မာပြည်က ရောက်လာတာ မကြာသေးဘဲ ရေခဲစက်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတန်းလျားမှာ လာရောက်တည်းခိုပြီး အလုပ်အကိုင်ရှာဖွေနေကြောင်း၊ မတ်လ ၁၀ ရက်နေ့က သူ့အလုပ်သမား  မြန်မာ ၂ ဦးနဲ့ စကားများရန်ဖြစ်ခဲ့တယ်လို့  ရေခဲစက်ရုံပိုင်ရှင် နိုင်းအွန်းလချိုင်းက ပြောတယ်လို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဆွေမျိုးတော်သူ မြန်မာအလုပ်သမား ကိုစိုးလင်းကလည်း  သေဆုံးသူ ကိုယောင်းဟာ ဇနီးသည်နဲ့အတူ အဲဒီမှာ လာရောက်တည်းခိုကြောင်း၊ ဒီမတိုင်ခင်ရှေ့က ရေခဲစက်ရုံအလုပ်သမား ကိုနိုင် (၃၀) နှစ် နဲ့ ကိုချိုင်း (၃၂) နှစ်တို့နဲ့ အရက်ဝိုင်းမှာ စကားများပြီး အပြင်ကို ထွက်သွားကြကြောင်း၊ ခဏနေတော့ သူတို့ ၃ ယောက်ထဲက ကိုယောင်းပြန်ပါမလာဘဲ သူတည်းခိုနေတဲ့အခန်းထဲ ၀င်သွားပြီး ကိုယောင်းဇနီးကို မုဒိမ်းကျင့်ပြီး ထွက်ပြေးသွားတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုမှာ သံသယအရှိဆုံးဖြစ်သူ အလုပ်သမား  ၂ ဦးကို ဖမ်းဆီးပြီး လိုအပ်သလို စစ်ဆေးအရေးယူဖို့  လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013