DVB Logo
Home
မြန်မာသတင်း
ရေကာတာ ဆန့်ကျင်ရေးလူထုရှင်းလင်းပွဲ တောင်ကြီးတွင် ကျင်းပ
DVB
·
March 13, 2015
ရေကာတာ ဆန့်ကျင်ရေးလူထုရှင်းလင်းပွဲ တောင်ကြီးတွင် ကျင်းပ
Donate to DVB

ရှမ်းပြည်နယ်တွင်းရှိ မြစ်ချောင်းနဲ့ ရေအရင်းအမြစ်များ ကာကွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ ရေကာတာစီမံကိန်းတွေကို ဆန့်ကျင်ရေးအတွက် လူထုရှင်းလင်းပွဲတရပ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မတ်လ ၁၃ ရက်နေ့က ကျင်းပပါတယ်။

သံလွင်မြစ်ပေါ်မှာ မိုင်းတုံရေကာတာနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေရဲ့ ဆိုးကျူိုးးတွေကို လူထုကောင်းစွာ နားလည်ပြီး ၀ိုင်းဝန်းကာကွယ်ဖို့နဲ့ မတ်လ ၁၄ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာရေကာတာ ဆန့်ကျင်ရေး အထိမ်းအမှတ်အနေနဲ့ပါ ရည်ရွယ်ကျင်းပတာလို့ မြစ်ချောင်းများ ကာကွယ်ရေး ကွန်ရက်အဖွဲ့ပြောခွင့်ရ စိုင်းခေးဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ရှမ်းပြည်နယ်ထဲမှာ တည်ဆောက်ပြီးသွားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ရေကာတာ စီမံကိန်းတွေဟာ လက်တွေ့မှာ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် နည်းပါးတဲ့အပြင် နစ်နာဆုံးရှုံးမှုတွေပါ ရှိနေတယ်။ ဥပမာ ပေါင်းလောင်းရေကာတာစီမံကိန်း၊ ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း စသဖြင့် ဒီသင်ခန်းစာတွေအပေါ်မှာ နောက်ထပ် စီမံကိန်းတွေ လာလုပ်မှာကို မလိုလားပါဘူး။ အခုလုပ်မယ့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းဟာဆိုရင်လည်း အကျိုးအမြတ်ရဲ့ ၄၅ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီက ယူမယ်။ တရုတ်ကုမ္ပဏီက ၄၅ ရာခိုင်နှုန်းယူမယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက ဘယ်သူ့အတွက်လဲ အစိုးရအတွက်လား၊ ပြည်သူအတွက်လားဆိုတာ မရေရာဘူး။ ပွင့်လင်းမြင်သာမှု မရှိ။ ပြည်သူအတွက်လည်း အခက်အခဲတွေ ပိုဖြစ်စေမယ့် စီမံကိန်းကို ကန့်ကွက်ဖို့ ကျနော်တို့လာရောက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

အစိုးရနဲ့အကျိုးတူကုမ္ပဏီတွေဟာ မြန်မာနိုင်ငံတ၀ှန်းလုံးမှာ ရေကာတာဆောက်လုပ်ရေး စီမံကိန်း ၄၃ ခုလျာထားပြီး အဲဒီထဲက တစ်ဝက်ကျော်ဟာ ရှမ်းပြည်နယ်ထဲမှာရှိနေတာပါ။

ဒီစီမံကိန်းတွေကြောင့် လူပေါင်းသောင်းနဲ့ချီ ရွှေ့ပြောင်းနေထိုင်ရမှာဖြစ်ပြီး ဌာနေတိုင်းရင်း သားတို့ အလုပ်အကိုင်နဲ့ လူမှုနေထိုင်မှုဘ၀တွေ ဆုံးရှုံးစေတာကြောင့် တက်ရောက်လာ သူတွေအားလုံးက စီမံကိန်းကို တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပါတယ်။

တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ဒီရှင်းလင်းပွဲကို သီပေါ၊ မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်း၊ ကာလိ၊ ကျိုင်းတုံ ၊ တာချီလိတ်၊ တာလုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ဟိုပန်၊ မိုင်းရယ် အစရှိတဲ့ မြို့နယ်က မြစ်ချောင်းနားနေထိုင်သူ ဒေသခံကိုယ်စားလှယ်တွေ စုစုပေါင်း လူ ၂၀၀ နီးပါးတက်ရောက်ခဲ့ပြီး ဒေသခံများရဲ့ အသံကို တောင်ကြီးမှာရှိတဲ့ နိုင်ငံရေးပါတီအသီသီးက ကိုယ်စားလှယ်တွေပါ လာရောက်ကြားနာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013