DVB Logo
Home
Lead Story
မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ “နိုင်ငံတော်သမ္မတ” မဟုတ်ပါ၊ ၎င်းနာမဂုဏ်ပုဒ်အား မှန်ကန်သ​ယောင်  ​​ရေးသား​ဖော်ပြခြင်း မပြုပါနှင့်
DVB
·
June 22, 2026
မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ “နိုင်ငံတော်သမ္မတ” မဟုတ်ပါ၊ ၎င်းနာမဂုဏ်ပုဒ်အား မှန်ကန်သ​ယောင်  ​​ရေးသား​ဖော်ပြခြင်း မပြုပါနှင့်
Donate to DVB

မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတတဦး မဟုတ်ပါ။ ထို့ကြောင့် Reuters, Associated Press, Agence France-Presse, DW နှင့် Al Jazeera English တို့သည် ၎င်းအား သမ္မတတဦးအဖြစ် ရည်ညွှန်းခေါ်ဆိုနေခြင်းကို ရပ်တန့်သင့်သည်။

ဇွန်လ ၁၆ ရက်နေ့က Reuters သတင်းတပုဒ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က “မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ” ကို ၎င်းတို့နှစ်ဦး ပေကျင်းတွင် တွေ့ဆုံစဉ် အားပေးထောက်ခံလိုက်သည် ဆိုသည့် အကြောင်း ရေးသားဖော်ပြခဲ့သည်။ ထိုမတိုင်ခင် နှစ်ပတ်ခန့်ဖြစ်သော မေလ ၂၈ ရက်နေ့ကလည်း “မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ” သည် “စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း” ပထမဆုံး ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် အကြောင်း Reuters သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။ 

တပါးသူ၏ အသုံးအနှုန်းကို ပြန်လည်ကိုးကားချက်သာဖြစ်ကြောင်း ရည်ညွှန်းသည့် မျက်တောင် အဖွင့်အပိတ် သင်္ကေတနှင့် ပုဒ်ထူးဝိသေသနတွေ မသုံးထားပဲ “မြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတ” ဟုသာ နှစ်လုံးတည်း သုံးနှုန်းခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး၊ ဤလုပ်ရပ်သည် ကမ္ဘာ့ဩဇာအကြီးဆုံး သတင်းဌာနများထဲက တခုက မင်းအောင်လှိုင် စတင်ခဲ့သည့် ငါးနှစ်တာ လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်သတ်ဖြတ်မှုများ၊ အစုလိုက် ဖမ်းဆီးအကျဉ်းချမှုများနှင့် ကမ်းကုန်အောင် ဆိုးသွမ်းခဲ့သော အကြမ်းဖက်မှုများကို လျစ်လျူရှုကာ ၎င်းလိုချင်နေသော တရားဝင်မှုကို အလွယ်တကူ ပေးလိုက်သည့် လုပ်ရပ်တခု ဖြစ်သည်။

ဤအပြုအမူများသည် မရည်ရွယ်သော အမှားများ မဟုတ်ပါ။ အလေ့အထတခုသဖွယ် အကြိမ်ကြိမ် ထပ်ခါတလဲ ပြုမူနေသည့် အရာများဖြစ်သည်။ ဤလုပ်ရပ်များသည် နောက်ဆက်တွဲ သက်ရောက်မှုများရှိပြီး ထိုအကြောင်းကို မိမိအနေဖြင့် ယခင်ကလည်း တုံ့ပြန် ပြောဆိုခဲ့ဖူးသည်။

 

လုပ်ကြံဖန်တီးထားသော တရားဝင်မှုသည် နောက်ဆက်တွဲ လက်တွေ့အကျိုးဆက်များစွာ ရှိသည်

စကားလုံးများက မူဝါဒများအဖြစ် မည်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြကြောင်း တွေ့မြင်နိုင်သည်။ ဇွန်လ ၁၆ ရက်နေ့တွင် သမ္မတရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် ဂုဏ်အင်္ဂါရပ်အပြည့် ဧည့်ခံကြိုဆိုရေး အခမ်းအနားဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့၏ ပြည်သူ့ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။ 

ဇွန်လ ၁ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီက မင်းအောင်လှိုင်နှင့် နယူးဒေလီမြို့ရှိ ဟိုက်ဒရာဘတ် အိမ်တော်တွင် တွေ့ဆုံခဲ့သည်။

၎င်းတို့ထံမှ ပြောဆိုပုံချင်း ကွဲပြားသော်လည်း တလေသံတည်းဖြစ်သည့် စကားများ ပြန်ကြားရသည်။ ပေကျင်းတွင် သမ္မတရှီက တရုတ်နိုင်ငံသည် “အခြားနိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး အခြေခံမူကို လေးစားလိုက်နာသည်” ဟု ဆိုသည်။ 

တဖက်တွင် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်ကလည်း ထိုသို့ ထိတွေ့ဆက်ဆံခြင်းသည် “မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အစီအမံများနှင့် ပတ်သက်ပြီး ၎င်းတို့ဘက်က တစုံတရာ ကြားဝင်သဘောထား ပြလိုသည့် ရည်ရွက်ချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း” သတင်းထောက်များကို ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးက ဝင်ရောက်စွက်မှု မပြုရေးအကြောင်း ထုတ်ပြောကြသည်။ ဤသို့ဖြင့် ပုံမှန်အခြေအနေ တခုဆီသို့ တွန်းပို့နေသည့် နိုင်ငံရေးစကားလုံးများကြားတွင် နာရေးဈာပနကို ဗုံးကြဲသည့် လုပ်ရပ်များသည်ပင် ဝင်ရောက်စွက်ခြင်းမပြုရေးဟူသည့် စကားလုံးဖြင့် အဆုံးသတ်သွားရသည်။ 

စစ်အုပ်ချုပ်မှုကို အသားကျသွားစေနိုင်သည့် သို့မဟုတ် တရားဝင်မှု ပေးရာရောက်စေသည့် ထိုသို့ တရားဝင် ထိတွေ့ဆက်ဆံမှု ပြုလုပ်ခြင်း၏ အကျိုးသက်ရောက်မှုများကို သေချာစွာ ချိန်ဆရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယအစိုးရထံသို့ စာရေးသား တောင်းဆိုခဲ့သည်။

သူ၏ ပြောကြားချက်များမှာ မှန်ကန်မှုရှိသည်။ မီဒီယာအရေးအသားများသည် ထိုယန္တရား၏ အစိတ်အပိုင်း တခုဖြစ်သည်။ မည်သည့် အထူးပြုညွှန်းဆိုချက်မှမပါဘဲ “နိုင်ငံတော်သမ္မတ မင်းအောင်လှိုင်” ဟု သုံးနှုန်းသည့် ရေးသားပြောဆိုမှုမှန်သမျှသည် ရှေ့လျှောက် မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်သည့် လုပ်ရပ်မှန်သမျှအတွက် ဆင်ခြေပေးရ ပိုမိုလွယ်ကူသွားစေသည်။ ထို့ပြင် စစ်အုပ်စုလက်အောက်မှ နိုင်ငံ၏ နယ်နမိတ်အများစုကို တိုက်ယူပြီး ဖက်ဒရယ်ဒီမိုကရေစီကို မြေပြင်မှ အဆင့်ဆင့် တည်ဆောက်လာခဲ့ကြသော မြန်မာပြည်သူများကို စကားထဲထည့်မပြော၊ ထည့်မတွက်ပဲ ဖယ်ထုတ်လိုက်ရာ ရောက်သည်။

မြန်မာပြည်သူများသည် ဤရာဇဝတ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်လာခဲ့ကြပြီး စစ်အုပ်စုကို အပြီးတိုင်ဖြိုချနေကြသည်။ ပြည်သူအပေါ် ရက်စက်ဖိနှိပ်သူကို “သမ္မတ” ဂုဏ်ပုဒ် တပ်ပေးသည့် သတင်းခေါင်းစီး မှန်သမျှသည် မိမိတို့ မြန်မာပြည်သူလူထု၏ ကိုယ်ပိုင်အစွမ်းအစကို ရိုက်ချိုးသည့် လုပ်ရပ်များ၊ ပြည်သူကို ဖြိုခွင်းရန် ရည်ရွယ်သည့် အကြမ်းဖက်မှုများကို ဝိုင်းဝန်း ဆုချသည့် လုပ်ရပ်များသာ ဖြစ်သည်။

 

ဝါဒဖြန့်ခြင်းသည် Reuters ၏ သတင်းတင်ဆက်မှုပုံစံ ဖြစ်လာနေသည်

လွန်ခဲ့သော စက်တင်ဘာလက “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” အမည်ခံ စစ်အုပ်စု၏ ပုံစံပြောင်းအုပ်ချုပ်ရေးအဖွဲ့ကို “အရပ်သားဦးဆောင်သော ကြားကာလအစိုးရ” ဟု Reuters သတင်းထောက် တဦးက ရည်ညွှန်းသုံးနှုန်းခဲ့ခြင်းနှင့် ပတ်သက်ပြီး Reuters ကို မိမိအနေဖြင့် အမည်တပ် မေးခွန်းထုတ်ခဲ့ဖူးသည်။ ဂျာမနီရုပ်သံဌာန Deutsche Welle (DW) လည်း အလားတူ အမှားလုပ်ခဲ့သည်။

ထိုလုပ်ရပ်များကို စစ်အုပ်စုက မိမိကိုယ်ကိုယ်ပြန်၍ စကားအလှဆင်သမျှကို အလွယ်တကူ သံယောင်လိုက်သည့် ကျင့်ဝတ်သိက္ခာမဲ့သော ပုံဖော်ရေးသားမှုများဟုသာ အမှန်အတိုင်း မိမိ ခေါ်ဆိုခဲ့သည်။ ထိုသတင်းဌာနများကိုလည်း နိုးကြားမှုရှိရန်နှင့် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာပြည်သူများကို မရပ်မနား အကြမ်းဖက်ဖိနှိပ်လာခဲ့သော စစ်တပ်တခုထံမှ ထွက်ပေါ်လာသော ဝါဒမှိုင်းများကို ထပ်ဆင့် ပြန်လည် ဖြန့်ဝေပေးခြင်းမပြုရန် တိုက်တွန်းခဲ့သည်။ 

သို့သော် ထိုနောက်ပိုင်း သတင်းအရေးအသားများသည် ပို၍ပင် သူရဲဘောကြောင်လာခဲ့သည်။ ယခုအခါ “မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ မင်းအောင်လှိုင်” ဟူသည့် အသုံးအနှုန်းကို အားလုံးကြားတွင် လက်ခံထားပြီးသား အမှန်တရားတခုသဖွယ် ရေးသားလာကြသည်ကို မြင်တွေ့လာရသည်။ “မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ မင်းအောင်လှိုင်က ၎င်း၏ အစိုးရသစ်သည် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆိုသည်” ဟူသည့် အရေးအသားမျိုး ဖြစ်သည်။

ဤသို့ဖြင့် မင်းအောင်လှိုင်အစိုးရ၊ မင်းအောင်လှိုင် သမ္မတသက်တမ်း၊ မင်းအောင်လှိုင် ထူထောင်သော ပုံမှန်အခြေအနေစသဖြင့် အမျိုးမျိုး ကြားလာရသည်။ 

စစ်အုပ်စုအတွက် အကောင်းဆုံး ဇာတ်ညွှန်းဝိုင်းရေးပေးလိုက်ကြခြင်း ဖြစ်သည်။ တကယ်တမ်းတွင်လည်း စစ်အုပ်စုဘက်က ထိုဇာတ်ညွှန်းကိုရေးခဲ့ပြီး Reuters က ၎င်း၏ သတင်းတင်ဆက်ပုံအဖြစ် မွေးစားလိုက်ခြင်းဖြစ်သည်။ AP, AFP, Al Jazeera, BBC, NHK ပါအဝင်အခြားသော နိုင်ငံတကာ သတင်းဌာနများကလည်း ထိုအတိုင်း သံယောင်လိုက်ခဲ့ကြသည်။ 

 

“သမ္မတ” ဟူသည့် စကားလုံးအောက်တွင် ဖျောက်ဖျက်ခံလိုက်သော အမှန်တရားများ

ပဋိပက္ခအတွင်း သတင်းမီဒီယာကျင့်ဝတ်အရ သတင်းထောက်များသည် အဖြစ်အပျက်ကို အရှိအတိုင်း/ အမှန်အတိုင်း ရေးသားခြင်းနှင့် လိုချင်သော ရှုထောင့်တခုအား ပုံဖော်ရေးသားခြင်းကို ခွဲခြားရန် လိုအပ်သည်။ “နိုင်ငံတော်သမ္မတ” ဟူသည့် အသုံးအနှုန်းနှင့်အတူ ဖျောက်ဖျက်ခံလိုက်ရသော အမှန်တရားများကို ပြန်ကြည့်ပါ။

Reuters က “နိုင်ငံတော်သမ္မတ” ဟု ခေါ်ဆိုနေသူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားသော အစိုးရကို ဖြုတ်ချပြီး တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် စစ်ဗိုလ်ချုပ်တဦး ဖြစ်သည်။

ထို့နောက်ပိုင်း ၅ နှစ်တာကာလအတွင်း ထိုစစ်ဗိုလ်ချုပ်၏ စစ်တပ်သည် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူနှင့် ဝန်းရံသူ ၈,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၁,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ နောက်ထပ် ပြည်သူ ၃ ဒသမ ၇ သန်းကျော်ကို နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့သည်။

စစ်တပ်သည် ကျေးရွာများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ နာရေးဈာပနများ၊ ဘာသာရေး အဆောက်အအုံများနှင့် ပြည်တွင်း စစ်ရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ထောင်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။ ဤလုပ်ရပ်များသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှု မြောက်သည့် လုပ်ရပ်များဖြစ်ပြီး မြန်မာနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက အသေးစိတ် မှတ်တမ်းတင်ထားပြီးသား အရာများဖြစ်သည်။ 

ထို့နောက် “ရွေးကောက်ပွဲ” ဟူ၍ ပေါ်လာခဲ့သည်။ စစ်အုပ်စုကိုယ်တိုင်က ဆောင်ရွက်ခဲ့သော လူဦးရေ သန်းခေါင်စာရင်းအရ ၎င်းတို့အနေဖြင့် လူဦးရေ ၁၉ သန်းခန့် တနည်းအားဖြင့် တနိုင်ငံလုံး လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ကို လက်လှမ်းမီနိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံထားသည်။ စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် သည်လည်း ၁၉၉၀၊ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းခဲ့သည်။

မဲပေးပွဲမတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင်လည်း စစ်တပ်သည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတခွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်ဆင်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ စနစ်တကျ စီမံဆောင်ရွက်ခဲ့သည်။ ထို့ပြင် ထိုကာလအတွင်း စစ်အုပ်စု၏ မဲပေးပွဲကို ဝေဖန်မှုဖြင့် အမည်ခံ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” အရ ဖမ်းဆီးအရေးယူခံခဲ့ရသူ အနည်းဆုံး ၄၀၄ ဦးအထိ ရှိခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ မဲပေးရန် ဖိအားပေးခံခဲ့ရသည်။ နိုင်ငံသားများ စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး ယန္တရားအတွက် မဲရုံအပြင်ဘက်တွင် ဓာတ်ပုံရိုက်ခံရန် ဖိအားပေးခံခဲ့ရသည်။ စစ်တပ်၏ ကိုယ်ပွားပါတီက ကြိုတင်စီစဉ်ထားသည့်အတိုင်း အနိုင်ရရှိခဲ့ကာ စစ်တပ်သည်လည်း ၎င်းတို့ အပိုင်သိမ်းထားသည့် ခန့်အပ်ခံ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို အပွန်းအပဲ့မခံ ဆက်လက်ရယူထား ခဲ့သည်။ 

နောက်ဆုံး ဧပြီလတွင် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်က ပြန်လည်စစ်ခင်းခဲ့သော တိုင်းပြည်၏ “နိုင်ငံတော်သမ္မတ” အဖြစ် ကိုယ့်ကိုယ်ကို ပြန်လည်ခန့်အပ်ခဲ့သည်။ Reuters က ရွေးချယ်လိုက်သည့် ရာထူးဂုဏ်ပုဒ်ဆိုင်ရာ အသုံးအနှုန်းတခုသည် ဤဖြစ်စဉ်တခုလုံးကို ဖျောက်ဖျက်လိုက်သည်။

 

ကြေးနန်းဝန်ဆောင်မှုပေးသည့် သတင်းဌာနများသည် နိုင်ငံတကာသတင်းစာမျက်နှာထက်က အသုံးအနှုန်းများကို လွှမ်းမိုးသူများဖြစ်ကြသည်

ဘာကြောင့် Reuters ကို အဓိကထား ပြောရပါသနည်း။ Reuters သည် အများနည်းတူ သာမန် သတင်းလုပ်ငန်းတခုမဟုတ်ပါ။ ၎င်းသည် ကမ္ဘာ့သတင်းမီဒီယာလောကတွင် အခြားသတင်းဌာနများကို သတင်းတဆင့်ခံ ပြန်ရောင်းကာ ကြေးနန်းဝန်ဆောင်မှု ပြန်ပေးနေသည့် ကွန်ရက်ကျယ်ပြန့်သော ရှေ့ပြေးသတင်းဌာနကြီး တခုဖြစ်သည်။ ၎င်းထံမှ စတင် ဖြန့်ဝေလိုက်သော သတင်းများကို ကမ္ဘာတဝန်းမှ အခြားသတင်းဌာနများက နာရီပိုင်းအတွင်း အလုံးအရင်းဖြင့် မူရင်းပုံစံမပျက် ပြန်လည် ဖော်ပြကြသည်။

သာဓကအချို့ပြရလျှင် မင်းအောင်လှိုင်ကို “မြန်မာနိုင်ငံတော်သမ္မတ” ဟု သုံးနှုန်းခဲ့သည့် ဇွန်လက Reuters သတင်းတပုဒ်ကို US News & World Report၊ Yahoo News၊ မလေးရှားအခြေစိုက် The Star၊ ဖိလစ်ပိုင်အခြေစိုက် BusinessWorld၊ အီတလီအခြေစိုက် Internazionale စသည့် သတင်းဌာနများက မူရင်းပုံစံမပျက် “၏၊ သည်” မရွေး ပြန်လည်ဖော်ပြခဲ့ကြသည်။

ရိုက်တာသတင်းဌာနက ရွေးချယ်လိုက်သည့် စာအရေးအသား ပုံစံတခုသည် ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှ အယ်ဒီတာများက ပြန်လည်အသုံးပြုသည့် ပုံသေဝေါဟာရများ ဖြစ်သွားပြီး ထိုမှတဆင့် ၎င်းတို့၏ သတင်းများကို ဖတ်ရှုကြသည့် လေ့လာသုံးသပ်သူများနှင့် မူဝါဒချမှတ်သူများ၏ ပါးစပ်ဖျားက ဝေါဟာရများ ထပ်ဖြစ်သွားသည်။

လုပ်ကြံဖန်တီးထားသော တရားဝင်မှုသည် ဤနည်းလမ်းဖြင့် ပျံ့နှံ့သည်။ စစ်အုပ်စုက ဇာတ်တိုက်ထားပြီးသား အမည်ခံ “ရွေးကောက်ပွဲ” တခု ကျင်းပပြီး ကမ္ဘာ့သတင်းဌာနကြီးများက ကိုးကားချက်ပြ ကော်မာအဖွင့်အပိတ် သင်္ကေတများကိုဖြုတ်ကာ တရားဝင်မှုပေးလိုက်ကြသည်။ တဖန် ကမ္ဘာတဝန်းက သတင်းစာတိုက်များက ထိုအရေးအသားကို မွေးစားလိုက်ကြသည်။ ထို့နောက် အသွင်ပြောင်း စစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် တာစူကာ အကြောင်းရှာနေသော အစိုးရများက မနက်ခင်း သတင်းတပုဒ်နှင့်အတူ အသင့်ပြင်ပေးထားပြီးသား အကြောင်းပြချက်တခုကို လက်ခံရရှိလိုက်ကြသည်။ 

သို့သော် ဤအခြေအနေအတိုင်း ဖြစ်ရန်မလိုသည်ကို အခြားသတင်းဌာနများက သက်သေထူခဲ့ပြီး ဖြစ်သည်။ ဇွန်လကလည်း Al Jazeera အင်္ဂလိပ်ပိုင်းက “အိန္ဒိယဝန်ကြီးချုပ်က မြန်မာစစ်အစိုးရ ခေါင်းဆောင်နှင့်တွေ့ဆုံ”ဟူသည့်ခေါင်းစဉ်ဖြင့် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်ကို အလားတူ သတင်း ပြန်လည်ဖော်ပြခဲ့သည်။

ဤစစ်အုပ်စုသည် အချုပ်အချာအာဏာပိုင် မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သလို မြန်မာပြည်သူများ၏ အစိုးရလည်း မဟုတ်ပါ။ 

ယခင်တခေါက်က အမှားအတွက် မြန်မာပြည်သူများ ပေးဆပ်နေရဆဲဖြစ်သည်

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် စစ်တပ်က ဇာတ်တိုက်ထားသော အတုအယောင် ရွေးကောက်ပွဲတခုကို ကျင်းပခဲ့စဉ်ကလည်း လအနည်းငယ်အကြာတွင် ကမ္ဘာကြီးက “အသွင်ကူးပြောင်းရေး” ဟူသည့် လုပ်ကြံဇာတ်လမ်းကို အလုံးအရင်းဖြင့် ဝိုင်းဝန်းကြိုဆို လက်ခံလိုက်ကြသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားလိုက်ကြပြီး ရင်းနှီးမြှုပ်နှံမှုများလည်း အလုအယက် ဝင်ရောက်လာခဲ့ကြသည်။

ထိုကာလ ၂၀၁၃ ခုနှစ်ကလည်း ကမ္ဘာကြီးက မြန်မာနိုင်ငံအကြောင်း တဖက်နားဖြင့်သာ နားထောင် ခဲ့ကြောင်းနှင့် စစ်အုပ်စုသည် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေခြင်း မဟုတ်ဘဲ တရားဝင်မှု မျက်နှာဖုံးအောက်တွင် အာဏာ ဆက်လက်တည်ဆောက်နေခြင်းသာဖြစ်ကြောင်း မိမိ ရေးသားခဲ့ဖူးသည်။ ထိုသို့သော အယုံလွယ်မှု၏ နောက်ဆက်တွဲ အကျိုးဆက်များအတွက် မြန်မာပြည်သူများ ယနေ့ထိတိုင် ပေးဆပ်နေရဆဲဖြစ်သည်။ 

စစ်အုပ်စုသည် နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ကာ ပြည်ပခရီးစဉ်များနှင့် အာဆီယံ ထိပ်သီးညီလာခံကို အသုံးချပြီး တရားဝင်မှုရအောင် ကြိုးပမ်းလိမ့်မည်ဟု အတုအယောင်ရွေးကောက်ပွဲအပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက မိမိ သတိပေးခဲ့သည်။ 

စင်စစ် လက်ရှိ Reuters က ဖော်ပြနေသော သတင်းများမှာလည်း ထိုအသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းမှုများသာ ဖြစ်သည်။ မေးစရာရှိသည်မှာ ကမ္ဘာ့အယုံကြည်ရဆုံး သတင်းဌာနတခုက မြန်မာပြည်သူများအပေါ် ပြောမပြနိုင်လောက်အောင် များပြားသော ဆင်းရဲဒုက္ခများပေးနေသည့် စစ်တပ်၏ အသုံးချခံ လက်နက်တခုအဖြစ် ဆက်လက် အသုံးတော်ခံမည်လား ဟူသည့် မေးခွန်းဖြစ် သည်။ 

 

အယ်ဒီတာများသို့

သင်တို့သည် မြန်မာနိုင်ငံအကြောင်း သတင်းတင်ဆက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ဖြစ်ပျက်သမျှကို အရှိအတိုင်း၊ အမှန်အတိုင်း ဖော်ပြပါ။ 

အမှန်တရားမှာ မင်းအောင်လှိုင်သည် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ကြိုးကိုင်စီမံခဲ့သူ တဦးဖြစ်ပြီး မြန်မာပြည်သူများနှင့် ပြန်လည်စစ်ခင်းနေသည့် စစ်တပ်ကို အမိန့်ပေးကွပ်ကဲနေသူ ဖြစ်သည်။

အမှန်တရားမှာ မင်းအောင်လှိုင်ကို ရာထူးဂုဏ်ပုဒ် တင်ပေးလိုက်သည့် “ရွေးကောက်ပွဲ” ကို လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်ဖမ်းဆီးမှုများ၊ စောင့်ကြည့်ထောက်လှမ်းမှုများ စသည်တို့ဖြင့် ပြည့်နက်နေသည့် အခြေအနေအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လူထုထောက်ခံမှုအများဆုံး ပါတီသည် ပိတ်ပင်ခြင်း ခံခဲ့ရသလို ပြည်သူ ၁၉ သန်းခန့်သည် မဲပေးပွဲမှ ချန်လှပ်ခံခဲ့ရကာ အခြားပြည်သူ အများအပြားမှာလည်း အကြမ်းဖက်ခြိမ်းခြောက် အကျပ်ကိုင်မှုအောက်တွင် မဲပေးခဲ့ရသည်။ 

ရမ်းကားအကြမ်းဖက်မှုများ ကျူးလွန်ပြီး အဓမ္မဖန်တီးရယူထားသော ရာထူးဂုဏ်ပုဒ်တခုသည် အမှန်တရား မဟုတ်ပါ။ တင်းတင်ကျပ်ကျပ် မေးခွန်းထုတ်ရမည့် တောင်းဆိုမှု  တခုသာ ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို တိုက်ရိုက်မေးလိုပါသည်။ မင်းအောင်လှိုင်ကို “နိုင်ငံတော်သမ္မတ” ဟု ခေါ်ဆိုသောအခါ သင်တို့သည် မည်သူ့ဘက်က အမှန်တရားကို ပြန်လည် ဖော်ပြခြင်း ဖြစ်သနည်း။ မင်းအောင်လှိုင်ဘက်က အမှန်တရားလား၊ မိမိတို့ လူထုဘက်က အမှန်တရားလား။

သင်တို့၏ သတင်း​ရေးသားမှုပုံစံသည် သင်တို့အတွက်​တော့/အ​နေဖြင့် နည်းပညာကိစ္စအဖြစ်သာ ​တွေးကောင်း ​တွေးနိုင်မည်။ သို့သော် မြန်မာနိုင်ငံအတွက်မူ သင်တို့ မွေးစားလိုက်သော တရားဝင် အသုံးအနှုန်း တခုစီတိုင်းသည် ရက်စက်သော စစ်အုပ်စုကို ထပ်မံရဲဆေးတင်ပေးရာ ရောက်စေသည်။ မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတတဦး လုံးဝ(လုံးဝ) မဟုတ်ပါ။ ၎င်းသည် ရာထူးဂုဏ်ပုဒ်တခုကို ခိုးယူထားသော စစ်ရာဇဝတ်တရားခံတဦး ဖြစ်သည်။ ထို့ကြောင့် ၎င်းကို အမှန်အတိုင်းသာ အမည်တပ် ခေါ်ဆိုပါ။ 

 

ခင်ဥမ္မာ 

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013