
သည်တခေါက် အရူးလွယ်အိတ်ကိုနှိုက်လိုက်တော့ ဆာဂျီယိုလီယွန် ထွက်လာသည်။ ဆာဂျီယိုလီယွန် ဆိုတာ အီတာလျံလူမျိုး ရုပ်ရှင်ဒါရိုက်တာကြီးပါ။ သူရိုက်သော Once upon a tine in the west ရုပ်ရှင်အကြောင်းကို Wellness မှာ ကျနော် နှစ်လဆက် ဆောင်းပါးတောင် ရေးဖူးသည်။ သို့သော် သည်ဘက်ခေတ်လူလတ်ပိုင်းတွေ သူ့ကိုပိုအသိများသည့် ရုပ်ရှင်ကတော့ The Good The Bed and The Ugly ဖြစ်သည်။
မှန်ပါသည် Western ခေါ် ကောင်းဘွိုင်ကားတွေချည်းပါပဲ။ ကျွန်တော့်ကိုကောင်းဘွိုင်ကားတွေ ကြိုက်သလားဟုမေးလျှင် Drama ခေါ် လေးနက်သိမ်မွေ့သည့် မေတ္တာဖွဲ့ဇာတ်လမ်းတွေ လောက်တော့ မကြိုက်ဘူးဟု ဖြေရမည်ဖြစ်သော်လည်း ဆာဂျီယိုလီယွန်၏ ကောင်းဘွိုင်ကားတွေ ကိုတော့ မကြိုက်ဘဲ မနေနိုင်ပါ။
အီတလီက လာသူက အမေရိကန်ပြည်ထောင်စုမှာ ၁၉ ရာစုနှစ်က ဖြစ်သည့် ဇတ်လမ်းတွေနှင့် အောင်မြင်တာတဲ့လေ။
A fish full of dollar
For a few dollar more
အဲ့ဒီကားတွေလဲ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာပဲ။ အဲ့ဒီကားတွေကြောင့် ကလင့်အိစ်ဝုဒ် (Clint East-wood) တယောက် ကမ္ဘာကျော်မင်းသားဖြစ်ခဲ့တာ အားလုံးအသိ။ သည်တခါ ဆာဂျီယိုလီယွန်ကို သွားသတိရတာကတော့ သူ့နာမည်ကျော် The good The bad and the ugly ရုပ်ရှင်ကြောင့်ပါပဲ။
The good The bad and the ugly အဲ့ဒီရုပ်ရှင်မှာ ပရိသတ်သတ်အမှတ်မိဆုံးအခန်းက နောက်ဆုံးအခန်းမှာ သချူင်္ိင်းကုန်းအလယ်က မြေကွက်လပ်ကလေးထဲတွင် The good (ကလင့်အိစ်ဝုစ်)၊ The Bad (လီဗင်ကလိဖ်)နှင့် The Ugly (သရုပ်ဆောင်အမည် မမှတ်မိတော့) သုံးယောက်တို့ သုံးပွင့်ဆိုင် သေနတ်ပစ်ကြသည့် အခန်းပါ။
နောက်ပိုင်းမြန်မာရုပ်ပြဇတ်လမ်းတွေမှာ လိုက်အတုခိုးကြတာတောင် ကျွန်တော် မှတ်မိသေးသည်။ သို့သော် ယခုကျွန်တော်သွားသတိရနေတာက အဲ့ဒီရှေ့ကအခန်းကလေးပါ။
ပြဿ နာ တံတား
အဲ့သည်ရုပ်ရှင်က အမေရိကန်ပြည်တွင်းစစ်ကာလကို အခြေခံထားသည်။ ယန်းကီးခေါ် မြောက်ပိုင်းသားတို့က တောင်ပိုင်းသားတွေကို အနိုင်ရခါနီးဆဲဆဲပါ။
The Good ရော The Bad ရော The Ugly ရော ကြေးစားသေနတ်သမားတွေချည်းပါပဲ။ အဲ့ဒီထဲမှာ The Good က နဲနဲစိတ်ကောင်းရှိပြီး The Bad က ကောက်ကျစ်သည်။ The Ugly က ဥာဏ်မကောင်း။ နောက်တော့သူက The good နဲ့ပေါင်းပြီး The Bad ကိုရင်ဆိုင်သည်။
ဇာတ်လမ်းကတော့ မြှုပ်နှံထားသည့် ငွေတွေရှာသည့် ဇာတ်လမ်းပါပဲ။ သို့သော် ပြည်တွင်းစစ်ကာလထဲမှာ ရိုက်ထားတာဆိုတော့ ဇာတ်သိမ်းခါနီးမှာ The Good နှင့် The Ugly နှစ်ယောက် တံတားတခု၏ ဟိုဘက်နှင့်သည်ဖက်မှာ တပ်စွဲပြီး စစ်ဖြစ်နေကြသည့် တပ်နှစ်တပ်နှင့် သွားဆုံသည်။
အပြာရောင်တပ်နှင့် မီးခိုးရောင်တပ်ပေါ့။ အပြာရောင်တပ်က မြောက်ပိုင်းသားတွေ စစ်နိုင်နေသူတွေပါ။ မီးခိုးရောင်တပ်က တောင်ပိုင်းသား စစ်ရှုံးနေသူတွေ။
အပြာရောင်တပ်ခေါင်းဆောင်ဗိုလ်ကြီးနှင့် သူတို့ဆုံတော့ အဲသည်လူက အရက်ထိုင်သောက်နေ သည်။ စိတ်ဓါတ်ကျနေသတဲ့။ အမေရိကန်နိုင်ငံသားအချင်းချင်း ပြန်တိုက်နေတာ ကြည့်ရတာ စိတ်မချမ်းသာလို့တဲ့။ သည်တံတားကိုပဲ ကြည့်တဲ့ နှစ်ဘက်စလုံးက သည်တံတားကို အရေးပါသော နေရာဟုသတ်မှတ်ပြီး စီးနင်းသိမ်းပိုက်ဖို့ ကြံနေကြတာတဲ့။ တနေ့ တနေ့ သည်တံတားအတွက် ပေးလိုက်ရသည့် အသက်တွေ မနည်းပါတဲ့။ သူက တတ်နိုင်ရင် သည်တံတားကိုတောင် ဖျက်ဆီးပစ်လိုက်ချင်သတဲ့။ သည်တံတားအတွက် လူတွေသေနေရတာကြည့်ပြီး မခံစားနိုင်တော့လို့တဲ့။
စိတ်ကောင်းရှိသော The Good က အဲ့သည်ဗိုလ်ကြီးကို လေးစားသွားသည်။ အဲသည်ဗိုလ်ကြီးဒဏ်ရာနှင့် အသက်ငင်နေချိန်မှာ The Ugly ကိုခေါ်ပြီး တံတားကို သွားဖောက်ခွဲပစ်လိုက်သည်။ The Ugly ကတော့ မှတ်ချက်ချသည်။
သူတို့ တခြားတနေရာရှာပြီး ဆက်တိုက်နေကြဦးမှာပါကွာ ...တဲ့။
ဗိုလ်ကြီးကတော့ တံတားပေါက်ကွဲသံကို နားစွင့်၍ ပြုံးပြုံးကလေး အသက်ထွက်သွားသည်။ အဲသည် အခန်းကလေးက ကျနော့်အတွေးထဲမှာ စိုးမိုးနေတာပါ။
လမ်းပေါ်က လူငယ်တွေ
ကလေးဆရာဝန် ဘာလို့လုပ်သလဲဟုမေးလျှင် ကလေးကိုချစ်လို့ဟုပဲ ဖြေရမည်။ အတူတူပါပဲ လူငယ်စာပေတွေ ဘာကြောင့်ရေးသလဲဟု မေးလျှင် လူငယ်တွေကိုချစ်လို့ဟုပဲ ဖြေရပါမည်။
လူငယ်တွေက တကယ်ကို ချစ်စရာကောင်းတာလေ။ လူကြီးတွေနှင့် နှိုင်းကြည့်လေလေ လူငယ်တွေ ချစ်စရာကောင်းတာ ထင်ရှားလေလေ၊ ကိုယ့်သားသမီးတွေက အရွယ်ရောက်လာ လေလေ လူငယ်ကလေးတွေကြည့်ရတာ ကိုယ့်သားသမီးလေးတွေနှင့် တူလာလေလေ။
ဒါနှင့်ဘဲ ကျနော်လူငယ်ကလေးတွေ အတွက် စာတွေ ရေးဖြစ် ရေးဖြစ်နေတာပါ။ ယခုတလော ကျနော်ချစ်သည့် လူငယ်ကလေးတွေ လမ်းပေါ်ရောက်ရောက်နေကြသည်။ ယုံကြည်ချက်နှင့် အတွေးအခေါ်မဲ့သဖြင့် လမ်းပေါ်ရောက်နေသည့် လူငယ်တွေက နှမြောစရာသိပ်မကောင်း အတွေးအခေါ်ပြည့်ဝ၍ ယုံကြည်ချက်ခိုင်မာသည့် လူငယ်တွေ လမ်းပေါ်မှာ အများကြီး ရောက်နေတာက စိတ်ပူစရာကောင်းလှသည်။
ဆိုရှယ်လစ်အစိုးရအာဏာသိမ်းချိန်မှာ မွေးဖွား၊ ဆိုရှယ်လစ်ခေတ်မှာ ကြီးပြင်းပြီး စစ်အစိုးရ ခေတ်မှာ လူကြီးပိုင်းရောက်လာသော ကျနော်တို့ အရွယ်လူကြီးတွေ အတွက်ကတော့ အဲသည် စိတ်ပူစရာမြင်ကွင်းက ဘဝတလျှောက်လုံး မြင်နေခဲ့ရတာပါဟု ပြောလျှင် မှားမည်မထင်။
လမ်းပေါ်ရောက်နေသည့် လမ်းပျောက်သူများ
ဆိုရှယ်လစ်ခေတ်က မြန်မာရုပ်ရှင်ကားတခု အမည်ကိုပဲ မှီး၍ သုံးပါရစေဦး။
ထိုလူငယ်ကလေးတွေ ကြည့်ရတာ လမ်းပျောက်သူတွေနှင့် တူလွန်းလို့ပါ။ အဲသလိုရေးလိုက်တာနှင့် ဒီမိုကရေစီလိုလားသူဟု အမည်ခံထားသည့် အုပ်စုကတော့ ကျွန်တော့်ကို ဝိုင်းတွယ်ဖို့ ဟန်ပြင်ကြရောပေါ့။
ကျနော့်စကားကို ဆုံးအောင် နားထောင်ပါဦး။ သူတို့က လမ်းပေါ်မှာ လမ်းပျောက်နေသူတွေ မဟုတ်ပါ။ လမ်းပျောက်နေ၍ လမ်းပေါ်ရောက်လာကြတာ ဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည်ဘယ်လောက်ပဲ တိုးတက်နေပါစေ။ ဆင်းရဲသူနှင့် ချမ်းသာသူက ရှိနေမှာပဲ။ ဘဝအောင်မြင်သူနှင့် မအောင်မြင်သူတွေကရှိနေမှာပါပဲ။ ဆင်းရဲရုံ၊ ဘဝမှာမအောင်မြင်ရုံနှင့် ဘယ်သူမှ ခံစားချက်တွေ ပေါက်ကွဲမထွက်တတ်ကြပါ၊ လမ်လျှောက်နေမှာသာလျှင် ခံစားချက်တွေ ပေါက်ကွဲထွက်တတ်တာမျိုးပါ။
ကျောင်းသားသမဂ္ဂ အဆောက်အအုံဖြိုခွဲခံရတုန်းက ကျနော်အခါမလည်သေး ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းမှာ ကျနော်အလယ်တန်း အထက်တန်းကျောင်းသားဖြစ်နေပြီ။ ၁၉၈၈ အရေးတော်ပုံမှာ ကျနော် ဝန်ထမ်းဘဝ။ ဘယ်တုန်းကမှ ကျနော် ဆန္ဒမပြခဲ့ဖူးပါ။ သို့သော် ဆန္ဒပြသူတွေကို မှားသည်ဟု ထင်တာမျိုး၊ သူတို့လုပ်ရပ်ကို လက်မခံတာမျိုးမဟုတ်၊ ကိုယ့်ခံစားချက်နှင့် ကိုယ်ဖြစ်သည်။
၁၉၈၈ မှာ ကျနော်ရှေ့တန်းရောက်နေ၍ ဆန္ဒမပြဖြစ်တာ ထားဦးတော့ အကိုဆရာက ကလေးဆေးရုံကြီးမှာ၊ အဖိုးဆရာကိုယ်တိုင် ဦးဆောင်ဆန္ဒပြတော့ သူ့အပေါင်းအသင်းတွေ အားလုံးပါသွားပြီး သူကမလိုက် အဲ့ဒါကို အဖိုးဆရာက စိတ်ဆိုးတော့ သူဖြေသည်။
ဒီမှာလုပ်စရာတွေ အများကြီးပဲဆရာ ကျနော်မလိုက်နိုင်သေးဘူး မှန်ပါသည်။
အဲ့ဒီအချိန်က သူကလေးဆေးရုံကြီးကနေ လနှင့် ချီ၍ မပြန်ဘဲ ဆေးကုနေခဲ့တာပါ။ သူပြောမှ အဖိုးဆရာပင်လျှင် စိတ်ပြေသွားပြီး သူ့ကို တစ်ရက် လူနာကူကြည့်ပေးသွားသေးပါသည်။ ရှေ့မှာ လျှောက်ရမည့်လမ်းကြောင်းက ရှင်းနေတော့ သူ့အာရုံက တခြားကို မစိုက်နိုင်တာမျိုးပါ။ ကျွန်တော်လဲ ထို့အတူပါပဲ။ မတရားမှုတွေ၊ တရားမှုတွေကို ကိုယ့်ဘေးမှာ ဖြစ်ပျက်နေကြတာ ထင်ရှားစွာ တွေ့နေရသော်လည်း ကျွန်တော့ဆန္ဒ မပြဖြစ်ပါ။ လမ်းမှ တခါမှမပျောက်ခဲ့တာကိုး။ လမ်းမပျောက်ဘူးဆိုတာ အောင်မြင်ကြီးပွားချမ်းသာနေတာကို ပြောတာမဟုတ်ပါ။ ဘယ်အချိန်မှာ ဘာလုပ်ရမည်ဆိုတာကို ထင်ရှားစွာတွေ့နေရတာရယ်၊ အဲ့သည်လိုလုပ်လိုက်လျှင် မှန်းသည့်အတိုင်း ဖြစ်ဖြစ်လာတတ်တာရယ်ကို ပြောတာပါ။ အဲ့ဒါ ကျနော့ အရည်အချင်းနှင့် ဘာမှမဆိုင်ပါ။ ကံကောင်းတာ၊ တိုက်ဆိုင်တာကလေးတွေ စုစုနေတာပါ ရှေးဘဝ အကျိုးပေးပဲ ဆိုချင်ဆို။
လူငယ်အများစု အဲသလို ကံမကောင်းခဲ့တာတော့ အမှန်ပါပဲ။ ကြိုးစားအားထုတ်ချင်စိတ်ရော၊ ဥာဏ်ပညာနှင့် အတွေးအခေါ်ဆင်ခြင်တုံတရားပါ ရှိသင့်သလောက်ရှိပါလျက် လမ်းပျောက်နေသည့် လူငယ်ကလေးတွေ အများကြီးရှိနေသည်ဆိုသည့် အချက်က ဘယ်လိုမှငြင်းမရပါ။ သူတို့ကလေးတွေ မှာ အစာမကြေစရာတွေ အများကြီးပါပဲ။ လမ်းက ပျောက်နေတာကိုး အဲ့သလို အစာမကြေတာတွေ များလျှင် သူတို့လမ်းပေါ်ရောက်လာကြမှာပါပဲ။ သူတို့အများကြီးရောက်လာလျှင် အစာမကြေသူတွေ တစ်နည်းအားဖြင့် လမ်းပျောက်နေသူတွေ အများကြီးပဲဆိုတာ ထင်ရှားတာပါပဲ။
ခေတ်ကို ဆန္ဒပြကြမည်၊ စနစ်ကို ဆန္ဒပြကြမည်၊ အစိုးရကို ဆန္ဒပြကြမည်၊ လူငယ်တွေ အများကြီးလမ်းပျောက်နေတာ စနစ်မှာ လုံးလုံးတာဝန်ရှိသလား၊ အစိုးရမှာ လုံးလုံး တာဝန်ရှိသလား၊ သူတို့မှာကော တာဝန်မရှိတော့ဘူးလားဟု မေးသူတွေ တွေ့ဖူးပါသည်။ ဟုတ်ကဲ့... အဲ့ဒါ ကျနော်အဖြေပါ။
လူငယ်တချို့ လမ်းပျောက်တာကို တာဝန်မယူချင်နေပါ။ လူငယ်တွေ အများကြီး လမ်းပျောက်နေလျှင်တော့ လုံးလုံးလျားလျား တာဝန်ယူရပါလိမ့်မည်။ အဲ့ဒါ စနစ်၏ တာဝန်၊ အစိုးရ၏ တာဝန်ပါ၊ ရှင်းကိုရှင်းပေးရပါမည်။
လူငယ်အများစုအထက်တန်းပညာမသင်နိုင်ဘူးဆိုလျှင် ဟုတ်ကဲ့။ တာဝန်ယူရပါမည်။ လူငယ်တွေသင်သည့် အထက်တန်းပညာက လူငယ်တွေ၏ ဘဝကို ဘာအထောက်အကူမှ မပေးနိုင်တာများနေပြီဆိုလျှင် ဟုတ်ကဲ့ တာဝန်ရှိပါသည်။
အထက်တန်းပညာသင်ယူရခြင်း၊ မယူရခြင်းသည် လူငယ်တယောက်၏ ဘဝကို ထူးထူးခြားခြား မပြောင်းလဲစေဘူးဆိုလျှင် ဟုတ်ကဲ့ ကိုယ့်ကိစ္စတွေပါ။
သူတို့ ပညာကောင်းကောင်းလည်း မသင်ကြပါဘူး။ စိတ်ပဲ လေနေကြတာပဲ။ စာမေးပွဲကြတော့ အချောင်အောင် ချင်နေကြတာဆိုလျှင် အကြီးကြီး ဟုတ်ကဲ့ပါ။ အဲ့ဒါတွေ အဲသလို မဟုတ်တော့အောင် လုပ်ပေးဖို့လည်း ကိုယ့်တာဝန်ချည်းပါပဲ။
အဲသလို ကျနော်ပြောလျှင် စိတ်ဆိုးမည့်သူတွေ အများကြီးရှိလိမ့်မယ်ဆိုတာ ကျနော်သိပါသည်။ သိလျက်နှင့်ပြောတာပါ။ ရင်ထဲမှာ ရှိသည့်အတိုင်း အရေးကြီးသည့် ကိစ္စတခုကို နှုတ်က ထုတ်မပြောတတ်ဘူးဆိုလျှင် သည်ခေတ်မှာ စာရေးဆရာဖြစ်နေတာ ကျနော် တာဝန်မကျေပါ။
အစာမကြေတံတား
ဒါဆိုရင် ခင်ဗျားက ကလေးတွေလမ်းပေါ်ရောက်နေတာ ကြိုက်တယ်ပေါ့……ဟု မေးငြားအံ့။ ကျနော် သွက်သွက်ခေါင်းခါပါမည်။ မြန်မြန်ဖြေပါမည်။ နဲနဲမှ စိတ်မချမ်းသာပါ။ အဲဒါ ပြဿနာပါ။ အဲ့ဒါ The Good, The Bad, The Ugly ရုပ်ရှင်ထဲက လို ကျနော်မရှိစေချင်တော့သည့် တံတားတစင်းပါ။ အစာမကြေတံတား ဟုပဲဆိုပါစို့….။
ကိုယ့်သားသမီးတွေပဲ အဲသည်နေရာမှာ မြင့်ယောင်ကြည့်ပါဦးတော့။ ဘယ်လောက် စိတ်မချမ်းသာစရာ ကောင်းလိုက်ပါသလဲ။
သို့သော် သူတို့ကိုမရှိစေချင်တိုင်း ပိတ်ဆို့နေ အရေးယူနေလို့မရ။ နှစ်ပေါင်းပဲ ငါးဆယ်ကျော်ခဲ့ပြီ။ လူငယ်တွေသာ လူကြီးဖြစ်ကုန်သည်။ လမ်းပေါ်မှာ လူငယ်တွေ ပျောက်သွားဖူးလို့လား။ အချိန်တန်လျှင် ပြန်ပြန်ထွက်လာတာဘဲ မဟုတ်ဘူးလား။ သွေးထိုးလှုံ့ဆော်သူတွေရှိသည် ဆိုသည့် ဓါတ်ပြားဟောင်းကြီးချည်းပဲ ပြန်ဖွင့်နေ၍လည်း မထူးပါ။ အစာကြေ၊ ရင်ချောင်နေသူတွေကို ဘယ်သူမှ သွေးထိုးလှုံ့ဆော်လို့မရပါ။
အစာကြေအောင် ကူညီရမှာပါ။ အခြေအနေတွေကောင်းလာအောင် ဖန်တီးပေးရမှာပါ။ သူတို့ဆန္ဒကလေးတွေ နားထောင်ပြီး လတ်တလော ချွေးသိပ်တာမျိုးမဟုတ်ဘဲ လုပ်ပေးနိုင်တာကို ရိုးရိုးသားသားတာဝန်ယူ၊ လုပ်မပေးနိုင်တာကို ရိုးရိုးသားသားရှင်းပြရတော့မှာ။ သိပ်ခက်တာ ကျွန်တော်သိပါသည်။ ကိုယ်မလုပ်နိုင်လျှင် လုပ်နိုင်မည့်သူတွေ ကြိုးစားပစေပေါ့။ အဲသည်သူတွေလည်း မလုပ်နိုင်လျှင် နောက်လူတွေ ဆက်ကြိုးစား လိမ့်မပေါ့။
သာမန်ပြည်သူ မိဘအရွယ်လူကြီးတစ်ယောက် အနေနှင့် ကျွန်တော်ပြောရလျှင်တော့ လမ်းပျောက်နေသည့် လူငယ်တွေ လမ်းမပေါ်မှာ မမြင်ချင်တော့ပါ။ အစာမကြေတံတား ကြီးတွေလည်း မရှိစေချင်တော့ပါ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ
မှတ်ချက်-၂၀၁၃ ခုနှစ် မတ်လထုတ် အာရောဂျံမဂ္ဂဇင်းပါ ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။










