
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၃ ယောက်နဲ့ စက်လှေ ၃ စင်းကို မတ် ၂၈ ရက် မနက်ပိုင်းက နတ်မြစ်ဝမှာ အာရက္ခတပ်တော်(AA)က ဖမ်းဆီးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာတွေက ရေးပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ငါးဖမ်းသမားတွေဟာ တက္ကနဖ်မြို့နယ် တံငါကျေးရွာတွေက ဖြစ်ကြပြီး ဘင်္ဂလားပင်လယ်အော်က ငါးဖမ်းပြီးအပြန်မှာ နတ်မြစ်ဝ ရှာပေါရီကျွန်းအနီးမှာ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ကြရတာလို့ ပြောပါတယ်။
ငါးဖမ်းသမားတွေ ဖမ်းဆီးခံရမှုနဲ့ စုံစမ်းစစ်ဆေးနေပြီး နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ပြန်လည်လွတ်မြောက်လာဖို့ ကြိုးပမ်းမှုတွေရှိနေတယ်လို့ တက္ကနဖ်မြို့နယ် အုပ်ချုပ်ရေးမှူး အီမာမုလ် ဟာဖစ်ဇ် နာဒီမ်က မီဒီယာတွေ ပြောပါတယ်။
“ကျနော်တို့အနေနဲ့ ငါးဖမ်းသမားတွေနဲ့ စက်လှေတွေ ဖမ်းဆီးခံလိုက်ရတယ်ဆိုတာကို သိရှိထားပြီး ဖြစ်စဉ်အသေးစိတ်ကို စုံးစမ်းစစ်ဆေးနေတယ်။ ဖမ်းဆီးခံထားရသူတွေ ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာနိုင်ဖို့အတွက်လည်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ကြိုးပမ်းနေတာတွေရှိတယ်။”
အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ငါးဖမ်းသမားတွေဟာ တက္ကနဖ်မြို့နယ် ဆာဘရန်ယူနီယံအောက်မှာရှိတဲ့ တံငါရွာတွေက ဖြစ်ပါတယ်။
ငါးဖမ်းသမားတွေ ဖမ်းဆီးခံလိုက်ကြရတာကြောင့် မိသားစုတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ ရှာပေါရီကျွန်းက ဒေသခံ အီဘန်အမင် ကပြောပါတယ်။
“AA ဆီမှာ စက်လှေ ၃ စင်းနဲ့ ငါးဖမ်းသမား ၁၃ ယောက် ထပ်မံဖမ်းဆီးခံလိုက်ရတာရှိတယ်။ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ငါးဖမ်းသမားတွေကြောင့် စိုးရိမ်မှုတွေ ဖြစ်နေကြတယ်။ အခု ဖမ်းဆီးခံလိုက်ရတဲ့ အထဲမှာလည်း ကျနော်တို့ရဲ့ မိသားစုဝင်တွေ ပါဝင်နေတာကြောင့် မိသားစုတွေက စိုးရိမ်နေကြတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ရခိုင်ရေပိုင်နက်အတွင်းကို ခိုးဝင်ငါးဖမ်းတာကြောင့် မကြာခဏဆိုသလို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ဆီမှာ ဖမ်းဆီးခံနေကြရတာလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက အာရက္ခတပ်တော်ဆီမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား အနည်းဆုံး အယောက် ၅၀၀ ရှိခဲ့ပြီး အဲဒီအထဲက ၃၀၀ ကို ပြန်လွှတ်ပေးခဲ့ကာ အယောက် ၂၀၀ လောက် ထိန်းသိမ်ခံထားရဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း အာရက္ခတပ်တော် ဖမ်းဆီးထားတဲ့ ငါးဖမ်းသမား ၇၃ ယောက်ကို အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့အကြား ပူးပေါင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
Ref: Dhaka Tribune










