DVB Logo
Home
မြန်မာသတင်း
အစိုးရသတင်းထုတ်ပြန်ချက် မဟုတ်မှန်ဟု လွတ်မြောက်သံဃာများ မိန့်ကြား
DVB
·
March 12, 2015
အစိုးရသတင်းထုတ်ပြန်ချက် မဟုတ်မှန်ဟု လွတ်မြောက်သံဃာများ မိန့်ကြား
Donate to DVB

လက်ပံတန်းမှာ ရိုက်နှက်ဖြိုခွဲမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့  ကျောင်းသားသပိတ် ၀န်းရံသံဃာတော်တွေဟာ သီတင်းသုံးရာ ကျောင်းတိုက်အသီးသီးကို ပြန်လည်ရောက်ရှိသွားကြပြီဖြစ်ပြီး ဒီကနေ့ နိုင်ငံပိုင်သတင်းစာပါ ရေးသားချက်မှန်ကန်မှု မရှိဘူးလို့  သံဃာတော်တွေက မိန့်ပါတယ်။

မတ် ၁၀ ရက်က ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားတွေကို ဖမ်းဆီးခဲ့ပြီး သံဃာတော်တွေကိုတော့  လက်ပံတန်းမြို့နယ် သံဃနာယကအဖွဲ့နဲ့ တာဝန်ရှိသူတွေက ခေါ်ယူစစ်မေးပြီး ပြန်ကြွခွင့် ခွင့်ပေးခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီ အစိုးရပိုင်သတင်းစာတွေက သတင်းထုတ်ပြန်ရာမှာ သံဃာတော်တွေ အနေနဲ့ သပိတ် စစ်ကြောင်းမှာ ကျောင်းသားတွေဘက်က ပါဝင်ဆောင်ရွက်ခဲ့တာဟာ  စေတနာ အမှားနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရဟန်းသံဃာတော်နဲ့ မအပ်စပ်တဲ့ ပါတီနိုင်ငံရေး၊ လူမှုရေး ကိစ္စတွေ ယခုကဲ့သို့ ကျောင်းသားသပိတ်တွေအပေါ် နောင်အခါ ပါဝင်ပတ်သက်မှု မပြုလုပ်တော့ပါကြောင်း၊ ကျောင်းသားသပိတ်မှာ ပါဝင်ခြင်းအပေါ် မေတ္တာရှေ့ထား ခွင့်လွှတ်သည်းခံပေးတော်မူဖို့ လျှောက်ထားခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။

မန္တလေးမြို့ကို ပြန်လည်ရောက်ရှိနေတဲ့ ကျောင်းသားသပိတ်ဝန်းရံသံဃာ  ဥူးစိန္တိတက ဒီထုတ်ပြန်ချက် မှန်ကန်မှု မရှိဘူးလို့ မိန့်ပါတယ်။

‘လုံးဝမဟုတ်ဘူး။ ဦးဇင်းတို့ သူတို့ကို ကတိက၀တ်လည်း မပေးခဲ့ဘူး။ သူတို့ ရေးတဲ့ဟာတွေ မှားနေတယ်။ ဦးဇင်းတို့ကို လွှတ်ပေးလိုက်ရခြင်းက လက်ပံတန်း သံဃနာယက ဆရာတော်တွေကနေ သံဃကိစ္စ သံဃာပဲဖြေရှင်းမယ်၊ ငါတို့ညှိနှိုင်းပြီးမှ ငါတို့လုပ်စရာရှိ တာလုပ်မယ်ဆိုပြီးတော့ မြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌ  ဆရာတော်တွေရဲ့ မေတ္တာရပ်ခံ ချက်ကြောင့်လွှတ်လိုက်တာ။ ဦးဇင်းတို့ကိုဖမ်းဖို့ တကဲကဲလုပ်တယ်။ ဦးဇင်းတို့ အဖမ်းခံဖို့ အဆင်သင့်ပဲ၊ ဆရာတော်ကြီးက ဒီလိုလုပ်လို့တော့မဖြစ်ဘူး။ သံဃကိစ္စသံဃာ လုပ်မယ်ဆိုပြီး တားထားတာ။ ဦးဇင်းတို့ဆီကဘာမှ နုတ်ကတိမပေးဘူး။ သူတို့ ရေးချင်ရာရေး လွှင့်ချင်ရာ လွှင့်လိုက်တာ။”

အလားတူ ဥူးအာလောကလည်း  ‘ဦးဇင်း အမြင်ကတော့ သူတို့က လုပ်နေကျထုံးစံပေါ့ဗျာ။ လက်မှတ်ထိုးထားရင် ကျန်တာသူတို့က ကောက်ရေး၊ အဲလိုပုံစံပါပဲ။  ဟိုတုန်းက ခေတ်ပုံစံပေါ့။   ပြန်ကြားရေးဌာနက ခုချိန်ထိ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ပြည်သူလူထုကို အထင်မှား အမြင်မှားဖြစ်အောင်လုပ်တယ်လို့ပဲ ဦးဇင်းတို့ ခံယူပါတယ်’လို့မိန့်ပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းကို ၀န်းရံပေးတဲ့ သံဃာတော်အပါး ၂၀ ၀န်းကျင်ရှိပေမယ့် အခင်းဖြစ်ပွားချိန်မှာ   အောင်မြေဗိမာန်ဘုန်းကြီးကျောင်းအတွင်း ခိုလှုံခဲ့ကြတဲ့ သံဃာ ၁၀ ပါးသာ ပိတ်မိပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခံခဲ့ရတာဖြစ်ပြီး ကျန်တဲ့ သံဃာတော်တွေကတော့ လွတ်မြောက်သွားတာဖြစ်ပါတယ်။

ရဲတွေက သံဃာတွေကို သိက္ခာချဖို့ ပြောခဲ့ပေမယ့် မြို့နယ်သံဃမဟာနာယက အဖွဲ့က ကန့်ကွက်ခဲ့တဲ့အကြောင်း ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ သံဃာတော်တစ်ပါးက

“မြို့နယ်သံဃမဟာနာယကက ကျောင်းသားတွေကို ဒီကိုယ်တော်တွေက လိုက်ပါ စောင့်ရှောက်တဲ့ ကိုယ်တော်တွေဖြစ်တဲ့ အတွက်ကြောင့် ဘယ်အထဲမှလဲပါတာမဟုတ်ဘူးတဲ့။ စောင့်ရှောက်ရေးအဖွဲ့က ဆိုတော့ ၀ိနည်းပြဿ  နာနဲ့ ဘာမှ လုပ်လို့မရဘူးတဲ့၊ သူတို့ ကျောင်းကို သူတို့ ပြန်ပါစေ၊ မည်သည့်အရေးယူဆောင်ရွက်မှုမှ မလုပ်ပါနဲ့တဲ့၊ လက်ပံတန်းမြို့က သံဃာအနေနဲ့လည်း သံဃာထိတာမခံဘူးတဲ့၊ ကျုပ်တို့ကို သိက္ခာချဖို့အရေးကို လုံးဝကန့်ကွက်တယ် ၊ သိက္ခာလည်း အချမခံဘူး”လို့ မိန့်ပါတယ်။

လက်ပံတန်းကနေ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာတဲ့ သံဃာတွေက ဒီကနေ့ မန္တလေးမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကို  မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပြောကြားခဲ့ပါတယ်။

လတ်တလော သပိတ်မှောက် ကျောင်းသားတွေဖမ်းဆီးတရားစွဲခံနေရတဲ့အပေါ် ၀န်းရံသံဃာ ဥူးစိန္တိတက “စိတ်မကောင်းဘူးပေါ့ဗျာ။ ကလေးတွေက ကျောင်းသားတွေပါ၊ သူတို့ဆီမှာ အမှန်တရားတွေ ရှိပါတယ်။ ငြိမ်းချမ်းမှုတွေ ရှိတယ်။ ဒီလိုလုပ်လို့ တော်တော့်ကို စိတ်မကောင်းဖြစ်ရတယ်၊ ဒီနေ့ထိလည်း မျက်စိထဲက မထွက်ဘူး၊ ဒီပုံရိပ်တွေ  ဦးဇင်းတို့ မျက်စိထဲက လုံးဝမထွက်ဘူးဖြစ်နေတယ်။ ဒါဟာမတရားမှုတွေ”လို့ မိန့်ပါတယ်။

လက်ပံတန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးအမိန့်ပေးတဲ့ အဓိကရုဏ်း ဖြစ်အောင်ဖန်တီးလိုက်တဲ့ တရားခံတွေကို စုံစမ်းဖော်ထုတ်ပေးဖို့လည်း ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်း  ၀န်းရံသံဃာတော်တွေက တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013