
ရွှေကူကနေ ဗန်းမော်ဘက် ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ သင်္ဘောတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေဆဲဖြစ်ပြီး စက်တင်ဘာလထဲမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ သင်္ဘောအစင်း ၂၀ နီးပါး ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA က စက်တင်ဘာ ၁၆ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ သင်္ဘော ၃ စင်းထဲက တစင်း KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်ထဲ တိမ်းမှောက်နစ်မြုပ်သွားပြီး ကျန် ၂ စင်းက ရွှေကူမြို့ဘက် ပြန်လှည့်စုန်ဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။
ရှေ့တန်းနဲ့ နီးစပ်သူတယောက်က “ကြားနေရတဲ့ အသံက နစ်မြုပ်သွားတဲ့ စစ်ကောင်စီရဲ့ သင်္ဘောအထဲကနေ အော်ဟစ် အကူအညီတောင်း အသနားခံနေတာပါ” လို့ ပြောပါတယ်။
ရွှေကူနဲ့ စင်းခန်းကြား ဝဲမရွာ ဧရာဝတီမြစ်ထဲ စစ်အာဏာရှင်တပ်ရဲ့ သင်္ဘောတစင်း တိုက်ခိုက်ခံရပြီး နစ်မြုပ်သွားတာလို့ ဆိုပါတယ်။
“ဗန်းမော် ၄၇ တပ်ကနေ ကောင်ဂျာယန်ဘက် စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စည်းရုံးနေတဲ့ ဗျူဟာကတော့ မလွယ်ဘူး။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကလည်း ဗန်းမော်မြို့ ခလရ ၄၇ ကနေ ကမ္ဘာနီဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းနဲ့ သုံ့ပန်းတချို့ ရရှိခဲ့ပြီး စစ်သားတချို့ စီဟဲဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့ကို စက်တင်ဘာ ၃ ရက် စစ်ကောင်စီရဲ့ သင်္ဘောတချို့ ရောက်ရှိလာပြီးနောက် ဗန်းမော်က စစ်အာဏာရှင်တပ်တွေ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာတာလို့ KIA သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့မှာ ဗန်းမော်ကနေ မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁၊ အမှတ် ၅၂၃ တပ်နေရာဟောင်းဘက်ကို နေရာပြန်လည်ရယူဖို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို မံစီ မရောက်ခင် ကောင်ဂျာယန်ရွာမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်သားအလောင်း အမြောက်အမြားနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရမိထားတဲ့အပြင် လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်း ရရှိထားကြောင်း ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးလွတ်မြောက်သွားတာရှိပြီး တချို့က စစ်ရှောင်သွားတဲ့ ဒေသခံတွေရဲ့ နေအိမ်ဟောင်းတွေ၊ ချောင်တွေထဲ ပုန်းအောင်းနေနိုင်တာကြောင့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ဗန်းမော်က စစ်အာဏာရှင်တပ်ဖွဲ့တွေ မြို့ပြင်ထွက်ပြီး စစ်ဆင်ရေး လှုပ်ရှားမှု ခပ်စိပ်စိပ် ရှိလာသလို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဗန်းမော်နဲ့ မံစီရှိ စစ်အာဏာရှင်တပ်တွေကို လွန်ခဲ့တဲ့ ၁၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကစ KIA ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မံစီမြို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။











