DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့အတွက် တရုတ်ဘဏ်မှ ဒေါ်လာသန်း ၄၀ ခန့် ငွေချေးရန် သဘောတူ
DVB
·
March 12, 2015
Donate to DVB

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယာဉ်နဲ့ စက်ကိရိယာတွေ ၀ယ်ယူရန် တရုတ် ပို့ကုန် သွင်းကုန်ဘဏ် EXIM Bank of China ထံမှ အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် တန်ဖိုးရှိ တရုတ်ယွမ်ငွေ၂၄၆သန်း ချေးယူခွင့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး လိုက်ပါတယ်။

မတ်လ ၁၁ရက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲ ၃၉၇ မဲ ကန့်ကွက်မဲ ၅၁ မဲ ကြားနေမဲ ၁၃ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပြည်ထဲရေး ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က  ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြည်သူတွေရဲ့ လူနေမှုဘ၀ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နေရကြောင်း၊ ဒီလိုဆောင်ရွက်ဖို့  လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းနေပြီး တပ်ဖွဲ့ဝင် အင်အားများ တိုးချဲ့လာတဲ့အတွက် လုပ်ငန်းသုံး အုပ်ချုပ်ရေးယာဉ်တွေ၊ စက်ကိရိယာနဲ့  ရေယာဉ်တွေ လိုအပ်နေကြောင်း၊  လက်ရှိအသုံးပြုနေတဲ့  ယာဉ်စီးရေမှာ ၂,၉၄၅ စီးသာရှိလို့  ချေးငွေရရှိပါက လုပ်ငန်းသုံးအုပ်ချုပ်ရေး ယာဉ်များ၊ စက်ကိရိယာများနှင့် ရေယာဉ်များ ၀ယ်ယူဖြည့်တင်းနိုင်မယ်လို့’ လွှတ်တော်မှာ ပြောပါတယ်။

ချေးငွေကိစ္စ အစိုးရ၀န်ကြီးဌာနတာဝန်ရှိသူတွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယာဉ်တွေ ၀ယ်ယူရာမှာ ပွင့်လင်းမြင်သာစွာ တင်ဒါစနစ်အသုံးပြုဝယ်ယူသွားမယ်လို့လည်း အစိုးရ၀န်ကြီး က ပြောသွားပါတယ်။

အဆိုပါ ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီက  လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့  သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်နဲ့  အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)ပါတီက အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည် တို့ကတော့ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်ခင်စန်းလှိုင်က ကြွေးမြီဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တဲ့အတွက် စဉ်းစားသုံးသပ်ဖို့ တင်ပြခဲ့ပြီး  လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ချေးငွေကို ပြည်သူ့အကျိုးပြုကိစ္စတွေမှာသာ သုံးစွဲစေလိုပြီး ပြည်သူကို ထိခိုက်နစ်နာစေမှုရှိနိုင်တဲ့ မည်သည့်ကိစ္စတွင်မှ အသုံးမပြုစေလိုဘူးလို့ ဆွေးနွေးသွားပါတယ်။

ချေးငွေသဘောတူညီချက်အရ  ဆိုင်းငံကာလ ၅ နှစ် ပြန်ဆပ်ကာလ ၁၅ နှစ် ဖြစ်ပြီး အတိုးနှုန်း ၄ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် တရုတ်ဘဏ်ကို ပေးရတဲ့အတိုးဟာ များလွန်းတယ်လို့ လည်း ဝေဖန်သုံး သပ်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ၀န်ကြီး ဦးကျော်ဆန်းရဲ့သမ၀ါယမ၀န်ကြီးဌာနအတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (EXIM Bank Of China) ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးယူခွင့်ကိစ္စ   ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013