နိုင်ငံတကာအချက်အလက် (Data) ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းအသစ်တခုအဖြစ် နိုင်ငံပေါင်း ၄၀ ကျော်မှ အဖွဲ့ဝင် ၂၀၀ ကျော် ပါဝင်စုစည်းထားတဲ့ ကမ္ဘာ့ဒေတာအချက်အလက် အဖွဲ့အစည်း (WDO) ကို တနင်္လာနေ့မှာ အသစ်ဖွဲ့စည်းလိုက်ပြီး တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ဌာနချုပ်ရုံးစိုက်ထားပါတယ်။
WDO အဖွဲ့အစည်းဟာ ဒေတာအချက်အလက်ဖွံ့ဖြိုးရေးနဲ့ စီမံခန့်ခွဲမှုကို တိုးတက်စေဖို့ အဓိကထားတဲ့ ပထမဆုံး နိုင်ငံတကာ အထူးပြုအဖွဲ့အစည်းဖြစ်ပြီး၊ အစိုးရမဟုတ်တဲ့၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့တခုအဖြစ် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှု၊ စည်းမျဉ်းရေးဆွဲမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
WDO ရဲ့ အဖွဲ့ဝင်တွေမှာ ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေ၊ သုတေသနအဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ငွေကြေးအဖွဲ့အစည်းတွေ ပါဝင်ပြီး၊ စက်မှုလုပ်ငန်း ၁၄ မျိုး (ထုတ်လုပ်ရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ e-commerce၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး စတာတွေ) ကို လွှမ်းခြုံထားတာကြောင့် WDO က ပူးပေါင်းဆောင်ရွက်မှုကွန်ရက်တခုကို စတင်တည်ဆောက်နိုင်နေပြီလို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးသမဂ္ဂ (ITU) ရဲ့ အတွင်းရေးမှူးချုပ်ဟောင်း ကျောက်ဟို့လင်က ဒီပလက်ဖောင်းဟာ နိုင်ငံအသီးသီးမှ ဒေတာဆက်သွယ်ရေး နည်းပညာရှင်တွေ ကို လေ့ကျင့်ပေးနိုင်မှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို သင်ယူကာ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာတိုးတက်မှုအတွက် ပြန်အသုံးချနိုင်လိမ့်မယ်လို့ ပြောပါတယ်။
ဗြိတိန်အခြေစိုက် စီးပွားရေးအဖွဲ့အစည်းတခုဖြစ်တဲ့ 48 Group ရဲ့ ဥက္ကဋ္ဌ ဂျက်ပယ်ရီကလည်း ဒေတာတွေဟာ Cloud ပေါ်မှာ ရှိနေပေမဲ့ ဒါတွေဟာ ကြီးမားတဲ့ နယ်နိမိတ်အတားအဆီးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အတူတကွ ပူးပေါင်းဖြေရှင်းဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။
အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူ့စွမ်းအား ဖွံ့ဖြိုးရေးကို တိုးတက်စေပြီး ဒစ်ဂျစ်တယ်နည်းပညာ ကွာဟချက်ကို လျှော့ချနိုင်ဖို့နဲ့ ဒေတာစီးဆင်းမှု အတားအဆီးတွေကို ဖြိုဖျက်ဖို့ WDO က အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့ဒေတာအချက်အလက် အဖွဲ့အစည်း (WDO) ဟာ ကမ္ဘာလုံးဆိုင်ရာ ယုံကြည်စိတ်ချရတဲ့ ဒေတာအဖွဲ့ကြီးတခု ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source: Reuters










