DVB Logo
Home
Lead Story
ရိုက်နှက်ဖမ်းဆီးခံရပြီး သာယာဝတီထောင်က ပြန်လွတ်လာသည့်ကျောင်းသူ မရည်မွန်အောင်နှင့် မေးမြန်းချက်
DVB
·
March 12, 2015
ရိုက်နှက်ဖမ်းဆီးခံရပြီး သာယာဝတီထောင်က ပြန်လွတ်လာသည့်ကျောင်းသူ  မရည်မွန်အောင်နှင့် မေးမြန်းချက်
1 / 2
Donate to DVB

မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုအတွင်း အောင်မြေဗိမာန် ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ပုံစံထိုင်ခိုင်းပြီး နံပတ်တုတ်တွေနဲ့ ၀ိုင်းရိုက်ခဲ့ကြတယ်လို့ သာယာဝတီထောင်က ဒီနေ့ ပြန်လွတ်လာတဲ့ ကျောင်းသူ မရည်မွန်အောင်က ပြောပါတယ်။

တကိုယ်လုံးသွေးတွေ ဖုံးနေတဲ့ထိ ရိုက်နှက်ခံရတဲ့ ကျောင်းသားတွေရှိခဲ့ပြီး အဲ့ဒီကျောင်းသားတွေ ခုချိန်ထိ ထောင်ဆေးရုံက မဆင်းရသေးဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ တတိယနှစ် ကုန်ထုတ်ဓာတုဗေဒအထူးပြုဘာသာရပ်နဲ့ တက်နေတဲ့ ကျောင်းသူ မရည်မွန်အောင်ကို သာယာဝတီထောင်က ပြန်လွတ်လာလာချင်း ဒီဗွီဘီ က ဆက်သွယ်မေးမြန်းထားပါတယ်။

မရည်မွန်တို့ မတ်လ ၁၀ရက်နေ့က ဘယ်လိုဖြစ်ပြီး ဖမ်းဆီးခံသွားခဲ့ရတာလဲ။

“ပထမက သူတို့တွေက ညီမတို့တွေကို ပထမ ၀င်ခွင့်ပေးမယ်လို့ပြောတယ်။ ရန်ကုန်ထဲကို ကားနဲ့သွားပါ။ ပြီးတော့ သူတို့ အလံကိစ္စကို မပြောဘူးရှင့်။ နောက်တော့ ထပ်လာတယ် ကားနဲ့သွားပါလို့ပြောတယ်။ အဲဒီအထိ ညီမတို့ လက်ခံတယ်။ ကားနဲ့သွားမယ် ကားတန်းကို ဝေးဝေးလျှောက်ပေးပါ။ ညီမတို့ အဲဒီလိုမျိုး သွားမယ်။ သူတို့လုံခြုံရေးကား ညီမတို့နဲ့ ခွာလိုက်ပေးပါလို့ ပြောတယ်။ ရတယ်၊ ခွာလိုက်ပေးဦးမယ်၊ ပြီးတော့ ဒေါင်းအလံစိုက်ပြီးတော့  မ၀င်ရဘူးလို့ပြောတယ်။ အဲဒါညီမတို့ ခိုးကြောင်ခိုးဝှက်နည်းနဲ့တော့ ရန်ကုန်ထဲကို မ၀င်နိုင်ဘူး။ ကျမတို့ကို စော်ကားသလိုမျိုးစိတ်ထဲမှာ ခံရတယ်။ သမဂ္ဂ အလံထောင်ပြီးတော့ ညီမတို့ ၀င်ချင်တယ်။ အဲတော့ ညီမတို့ အကုန်လုံးသဘောမတူဘူး။ အမှန်အတိုင်းပြောရရင် သမဂ္ဂ အလံဗီနိုင်းတွေပါ ဖြုတ်ရမယ်လို့ ကြားတယ်။ အဲဒါဆို ညီမတို့ကို ပုံဖျက်ပြီး ၀င်ခိုင်းတာနဲ့ အတူတူပဲ အဲဒီတော့ ညီမတို့ အကုန်လုံးလက်မခံဘူး။ လက်မခံတော့ ညီမတို့  ၄ ယောက်တတန်းစီး တိုးမယ်လို့ပြောတယ်။   ၄ ယောက်တတန်းစီ ရှေ့တိုး ရှေ့တိုးတယ်။ တဖြည်းဖြည်းနဲ့ ညီမတိုးရင်းနဲ့ လဲသွားတော့ အနောက်ကို ရောက်သွားတဲ့အချိန်မှာ ခဲလုံးတွေ ကျနေတာပဲမြင်တယ်။ ဘယ်သူတွေပေါက်လဲတော့ မသိဘူး။ အဲဒီမှာ အရှေ့မှာရှိတဲ့ လူတွေကို သွားဆွဲပြီးတော့ ညီမပြေးတယ်။ ပြေးပြီးတော့ ကျောင်းပေါ်လည်းရောက်ရော ဘုန်းကြီးကျောင်း ပတ်ပတ်လည်မှာ ရဲတွေဝိုင်းထားတယ်။ ညီမတို့ ကျောင်းထဲမှာ ရှိတဲ့လူတွေ အကုန်လုံး ပြန်စုလိုက်တယ်။ ညီမတို့ အေးအေးဆေးဆေး အဖမ်းခံတယ်။ ညီမတို့ကို မရိုက်နဲ့လို့ ပြောတယ်။ ဘုန်းကြီးတွေကိုလည်း ပြောတယ်။ ကျောင်းမှာရှိတဲ့ ဘုန်းကြီးတွေကလည်း လှမ်းတားပေးတယ်ပေါ့။ ကျောင်းသားတွေကို မလုပ်ပါနဲ့ပေါ့။ မလုပ်ဘူးဆိုပြီးတော့ ညီမတို့ အောက်လည်းရောက်ရောက်ရော အသေရိုက်တာပေါ့။ ယောက်ျားလေးတွေကို ခေါင်းတွေ ငုံ့ခိုင်းထားတယ် ညီမတို့ မမြင်ရအောင်ဆိုပြီးတော့။ သူတို့က ခေါင်းကို ငုံ့ထားဆိုပေမယ့် ညီမက ခေါင်းထောင်ကြည့်နေတယ်။ ကြည့်နေတဲ့အချိန်မှာ ညီမကို အနောက်ကနေ ကျွေးတယ်။  နံပတ်တုတ်နဲ့ ခေါင်းကိုထောက်ပြီး ဟဲ့ကောင်မ ခေါင်းငုံ့ဘာညာဆိုပြီးတော့ သူတို့ အရပ်စကားတွေနဲ့  သူတို့ မိုက်မိုက်ရိုင်းရိုင်းတွေပြောတယ်။  မငုံ့ပဲနဲ့ ကြည့်လိုက်တဲ့ အချိန်မှာ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ပြောနေတဲ့သူတွေကို အသေရိုက်နေတာတွေ့တယ်။ ယောက်ျားလေးတွေ တော်တော်ခံရတယ်။ တချို့ဆို ထိခိုက်ဒဏ်ရာရတယ်၊ တကိုယ်လုံးမှာ သွေးတွေ အပြည့်ပဲ။ အခုထိ ဆေးရုံရောက်နေတဲ့သူတွေ ရှိသေးတယ်။”

မရည်မွန်ကို ရိုက်တာ ရဲမေတွေလား ရဲယောက်ျားလေးတွေလား။

“ရဲမေတွေပေါ့။ ရဲကောင်တွေက လှောင်သလိုလို ပြောင်သလိုလို လာလုပ်တယ်။ ဘေးနားမှာ။ တချို့တွေက တော်တော်နည်းပါတယ်။ တယောက် နှစ်ယောက်ကတော့ နင်တို့ဘာလို့ လုပ်တာလဲလို့ ဖြည်းဖြည်းလေးပဲ လာမေးပါတယ်။ တချို့ တော်တော် သောင်းကျန်းတဲ့ဟာ ရှိတယ်။ အရမ်းသောင်းကျန်းတယ်။ နင်တို့ လုပ်လို့ ငါတို့ မတ်တပ်ရပ်နေရတာတဲ့။ အမှန်အတိုင်း ပြောရင် သူတို့ကမှ နေရိပ်ထဲမှာ နေနေရသေးတယ်။ ညီမတို့က နေပူထဲမှာ နေနေရတာ။ သူတို့ကို ဒီလိုမျိုး အဓိကရုဏ်းတွေဖြစ်အောင် သူတို့ စိတ်တွေ အရမ်းအကြမ်းတွေ ၀င်ပြီး ညီမတို့ကို ဒေါသထွက်ပြီး လုပ်အောင်ထားတယ်လို့ စိတ်ထဲမှာတောင် ထင်တယ်။ ဒီလို ဒေါသထွက်နေရင် လူတွေက ပိုသွေးကြွပြီး ပိုလုပ်တယ်။ သူတို့တွေ နေပူထဲမှာ ထားတယ်။ ဒါသူတို့တာဝန်အရပဲ။ ညီမတို့ကို ပြောတယ်။ နင်တို့က သပိတ်မှောက်တယ်လည်း ပြောတယ်။ အစာငတ်ခံဆန္ဒပြတာကို ပြောတယ်။ ညီမတို့က အစာငတ်ခံဆန္ဒပြတာကို ဖြုတ်လိုက်ပြီလို့ ပြောတယ်။ အဲဒါနားမလည်ပဲနဲ့ နင်တို့က အစာစားပြီးလုပ်နေတာ ငါတို့က နေပူထဲမှာ ဘာညာနဲ့ ခနဲ့တဲ့စကားတွေနဲ့ မခံချင်အောင်ပြောတယ်။ ညီမတို့ ပြန်ပြောရင် သူတို့ထပ်လုပ်မှာ၊ အဲဒါကြောင့် တလုံးမှ ပြန်မပြောဘဲ ဒီအတိုင်းနေနေလိုက်တယ်။”

နောက်တော့ သာယာဝတီထောင်ကို ဘယ်လိုခေါ်သွားလဲ။

“ညီမတို့ မမြင်ရဘူးရှင့်။ ဒီအတိုင်း အချုပ်ကားတွေပေါ် တင်တယ်။ ပထမ တစီးတင်တော့ ညီမတို့ သိရတယ်။ နောက် အဲဒီအချုပ်ကားကနေပြီး ကားလဲမယ်ဆိုပြီးတော့ ဘုန်းကြီးကျောင်းကိုပဲ ပြန်လာတယ်။ ဘုန်းကြီးကျောင်းထဲကို ဒုတိယတခေါက်ရောက်တယ်။ ရောက်ပြီးတော့ ပြန်တင်သွားတာပေါ့။  ကားပေါ်ရောက်တော့  ညီမတို့ကို ပုံစံထိုင်လို့ပြောတယ်။ ပုံစံထိုင်လိုက်တော့လည်း ကားပေါ်မှာ ဆဲဆိုနေတာ မိုက်မိုက်ရိုင်းရိုင်းဘဲ။ ညစ်ညစ်ပတ်ပတ်တွေ ပြောတယ်။ သားသမီးချင်း ကိုယ်ချင်းမစာ ပြောတယ်။ အဲဒီထဲက တယောက်ဆို တော်တော်ဆိုးဆိုးရွားရွားပဲ။

အမျိုးသမီးတွေကို သီးသန့်ကားနဲ့ခေါ်သွားတာလား။ အကုန်လုံး စုပြုံခေါ်သွားတာလား။

“ပထမတခေါက်က အမျိုးသမီးသီးသန့်ကားနဲ့ ခေါ်တယ်။ နောက်တခေါက်က ယောက်ျားလေးတွေ ပါတယ်။ ယောက်ျားလေးတွေနဲ့ပါတဲ့အခေါက်မှာ ညီမတွေ့လိုက်ရတာ သူတို့မှာ  သွေးတွေအများကြီးပဲ ခေါင်းမှာ။  သွေးတွေက တောက်တောက်တောက် ကျနေတာတွေ ပါတယ်။ ဒုတိယ တစ်ခေါက်စီးလာတဲ့ကားက အဲလောက်ဆိုးဆိုးရွားရွား မဖြစ်တော့ဘူး။ ပထမတစ်ခေါက်စီးလာတဲ့ကားက အဲလိုအရမ်း နားမခံသာအောင် ပြောတာပေါ့။ စိတ်တွေ ဆွပေးအောင် လုပ်တာပေါ့။ ညီမတို့ထဲက အစ်မတစ်ယောက်ဆို နားမခံနိုင်လို့ ပြန်ပြောတာ စောက်ကြောတင်းတဲ့ ကောင်မဆိုပြီး ပါးကို ဖြောင်းဖြောင်းနဲ့ ၂ ချက် အရိုက်ခံရတယ်။ မိန်းကလေးဆို ကြားဖူးတာက လက်ထိပ်မခတ်ရဘူးလို့၊  ညီမတို့ကို ပိုက်ကြိုးတွေနဲ့ လက်ထိပ်ခတ်တယ်။ ပြီးတော့ ဆောင့်ဆွဲတာတွေ ရှိတယ်”

နောက်တော့ ထောင်ထဲ ရောက်သွားတော့ရော။

“ထောင်ထဲရောက်တော့ ပစ္စည်းတွေဘာတွေ စစ်ပြီး အေးအေးဆေးဆေးပဲ ထားတယ်။”

ထောင်ထဲမှာ စစ်ဆေးတာတို့ နှိပ်စက်တာတို့ ရှိသေးလား။

“အဲဒီလိုမျိုးမရှိဘူးရှင့်။”

မနေ့က ရုံးထုတ်တော့ပါလား။

“မနေ့က ရုံးထုတ်တော့ ပါတယ်။ မနေ့က အကုန်လုံး ထုတ်တာ။”

ရုံးထုတ်တဲ့ အတွေ့အကြုံ ပြောပြပါဦး။

“ရုံးထုတ်တော့ ညီမတို့ကို ကြည့်မှာစိုးလို့ ခေါင်းတွေကို ငုံ့ခိုင်းထားတယ်။ ရုံးထဲရောက်တော့လည်း ၀င်ခွင့်မပေးဘူး။ မီဒီယာတွေကိုလည်း ပိတ်ထားတယ်။ မိဘတွေကိုလည်း ပိတ်ထားတယ်။ ညီမအမေ လိုက်လာမှန်း ညီမ မနေ့ကမှ သိတယ်။ သူလှမ်းအော်လိုက်လို့ ညီမ သိတာ။ အမှန်ဆိုရင် ၀င်ခွင့်ပေးရမယ်။ ပြီးတော့ ရုံးချိန်ကျော်မှာ တရားရုံးထုတ်တယ်။ ညီမကြားဖူးတာ ၄ နာရီကျော်ရင် ရုံးမထုတ်ရဘူးလို့ ကြားတယ်။ သူတို့က ၄ နာရီကျော်မှ ထုတ်တယ်။ အထဲရောက်တော့ မေးမြန်းတယ်။ ပြီးတော့ သံသယရှိမှု ဘာညာဆွဲထားတယ်လို့ ပြောတယ်။ ပုဒ်မ ၅၀၅ ပါတယ်။ ၁၃၃ လို ပုဒ်မတွေ ပါတယ်။ ထိခိုက်နာကျင်စေမှု ၊ ကူညီမှုတို့ ၀န်းရံမှုတို့၊ အဲလို ပုဒ်မ တွေနဲ့ ဆွဲထားတယ်။  ၅၀၅ ပါတယ် နိုင်ငံတော်အကြည်ညိုပျက်စေမှု။  ညီမတို့ကို ပြန်လွှတ်ပေးတော့ ခံဝန်ကတိထိုးလို့ ပြောတယ်။ ညီမအမေက ထိုးလိုက်ပါတဲ့။ သူ့ကျန်းမာရေး အခြေအနေအရလည်း ပါတယ်။ အဲဒီလို အခြေအနေအရ ခံဝန်ထိုးခဲ့ရတယ်။”

မနေ့က တရားစွဲတယ်၊ ဒါပေမယ့် ဒီနေ့ ပြန်လွှတ်ပေးလိုက်တာလား။

“တရားမစွဲဘူးရှင့်။ အခုပြောလိုက်တာကတော့ ၂၄ နာရီ ဖမ်းထားလို့ သူတို့ဘက်က အလွန်ဖြစ်မှာစိုးလို့ ရုံးထုတ်တာပေါ့။ ရုံးထုတ်ပြီး မနေ့က ယမ္မာန်ကြီး ၂ ပတ်ပေးလိုက်တာပေါ့။  မနေ့က သံသယရှိမှုနဲ့ ဆွဲတာပဲရှိတယ်။ အခုကတော့ အပြီးလွှတ်လိုက်ပြီ”

လက်ရှိကျောင်းတက်နေတဲ့သူတွေကိုပဲ ရွေးလွှတ်တယ်လို့ သတင်းတွေ ထွက်နေတယ်။ အခုလွှတ်တဲ့သူတွေက အဲဒီလိုလူတွေပဲလား။

“ဟုတ်တယ်။ အဲဒီလိုလူတွေ များတယ်။ ပထမ ညီမတွေ့လိုက်တာက ညီမနဲ့ ၅ ယောက်ပေါ့။ ညီမနဲ့ မိန်းကလေး ၁ ယောက်ပါတယ်။ ယောက်ျားလေး ၃ ယောက်ပါတယ်။ လက်ရှိ တက်နေတဲ့ ကျောင်းသားတွေပဲလို့ ညီမ ထင်တယ်။”

 

ကျောင်းသူ မရည်မွန်အောင်နှင့် အင်တာဗျူး အသံဖိုင် နားဆင်ရန်...

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013