
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မလေးရှားဘုရင်နဲ့မိဘုရားတို့ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ မနက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းနဲ့ မလေးရှားနိုင်ငံကို တရားဝင်ချစ်ကြည်ရေး ခရီးထွက်ခွာသွားပါတယ်။
သမ္မတဦးသိန်းစိန်အနေနဲ ၂၀၁၁ခုနှစ် သမ္မတရာထူးစတင် တာဝန်ထမ်းဆောင်ကတည်းက မလေးရှားနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်တဲ့ခရီးစဉ်ဖြစ်ပြီး သမ္မတနဲ့ဇနီးဖြစ်သူတို့နဲ့ အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးဇေယျာအောင်၊ ဦးအေးမြင့်၊ ဦးဌေးအောင်၊ ဦးရဲထွဋ် တို့လည်းလိုက်ပါသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်း ထုတ်ပြန်ပါတယ်။
မတ်လ ၁၂ရက်ကနေ ၁၃ ရက်အထိ ၂ ရက်ကြာ ခရီးစဉ်အတွင်း ပထမနေ့မှာ မြန်မာသမ္မတကို မလေးရှားနိုင်ငံ ဘုရင် ဆူလတန် အဗ္ဗဒူဟာလင်မ် မူအက်ဒ်ဇမ်ရှားနဲ့ မိဖုရား ရာဂျာပါမိုင်ဆူရီ အက်ဂွန်တွန်ကူ ဟာဂျာဟာမီနာတို့က နိုင်ငံတော်အခမ်းအနားနဲ့ ဧည့်ခံကြိုဆိုဖို့ရှိပါတယ်။
နောက်တစ်နေ့မှာတော့ မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီနာဂျစ်ထွန်းရာဇတ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီလိုဆွေးနွေးရာမှာ ရှိထားတဲ့ နှစ်နိုင်ဆက်ဆံရေးတိုးတက်ဖို့၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေမယ့် ကဏ္ဍအတော်များများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စတွေအပြင် ဒေသတွင်းနဲ့ကမ္ဘာ့ရေးရာ ကိစ္စတွေအမြင်ချင်းဖလှယ်ကြမယ်လို့ မလေးရှား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ မလေးရှားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ၁၉၅၇ ခုနှစ် မတ် ၁ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးကတော့ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၉၇၂ ဒသမ ၁ သန်းရှိခဲ့တယ်လို့ အစိုးရတရားဝင်ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။










