DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက ဆီရောင်းချမှုကန့်သတ်သဖြင့် ရခိုင်၌ စက်သုံးဆီဈေးမြင့်တက်
ကေခိုင်
·
March 26, 2026
အိန္ဒိယဘက်က ဆီပေပါများကို နယ်စပ်မှတဆင့် ရခိုင်ပြည်နယ်တွင်းသို့ စက်လှေဖြင့် သယ်ယူနေစဉ်။ (Photo: DVB)
အိန္ဒိယဘက်က ဆီပေပါများကို နယ်စပ်မှတဆင့် ရခိုင်ပြည်နယ်တွင်းသို့ စက်လှေဖြင့် သယ်ယူနေစဉ်။ (Photo: DVB)
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ ရခိုင်နဲ့ ချင်းဘက်ခြမ်းကို စက်သုံးဆီတင်သွင်းမှု ရပ်တန့်လိုက်တဲ့အတွက် ဒေသတွင်း ဆီဈေးနှုန်း မြင့်တက်လာပြီး ကုန်ဈေးနှုန်းတွေလည်း သိသိသာသာ မြင့်တက်လာနေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟာ၊ လောင်တလိုင်နဲ့ လုံးလေခရိုင်ကနေ နယ်စပ်ဒေသ ရခိုင်နဲ့ ချင်းဘက်ခြမ်းကို စက်သုံးဆီ တင်ပို့ရောင်းချမှု တရားဝင်ကန့်သတ်လိုက်ပြီး တရားမဝင် ရောင်းချတာတွေကို အရေးယူမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေက မတ် ၂၀ ရက်မှာ တရားဝင် အမိန့်စာ ထုတ်ပြန်ထားပါတယ်။

အီရန်-အမေရိကန် စစ်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံတဝန်း စက်သုံးဆီဈေး မြင့်တက်လာတာ၊ ဒေသတွင်း ဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ပြည်တွင်းစက်သုံးဆီ ဖူလုံစေဖို့နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက်လို့ ဆိုထားပါတယ်။

အခုရက်ပိုင်းမှာ မီဇိုရမ်ပြည်နယ်ရှိ လူတချို့က မြန်မာဘက်ခြမ်းကို စက်သုံးဆီတွေ တင်ပို့ရောင်းချနိုင်ဖို့ အလုံးအရင်းနဲ့ ဝယ်ယူနေတဲ့အတွက် ဒေသခံပြည်သူတွေကြားမှာ ခက်ခဲကျပ်တည်းနိုင်ပြီး ဆီမလုံလောက်မှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် တားမြစ်ရတာပါလို့ ဆိုပါတယ်။

အဲဒီတားမြစ်ချက်ကြောင့် လက်ရှိမှာတော့ ရခိုင်ပြည်နယ်ဘက်ကိုပို့ဖို့ စက်သုံးဆီ ဝယ်ယူလို့ မရတော့သလို ဝယ်ယူထားတဲ့ ဆီကားတွေလည်း နယ်စပ်ဂိတ်တွေမှာ ခက်ခက်ခဲခဲ ကုန်သွယ် နေကြရတယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည် အမျိုးသားတယောက်က ပြောပါတယ်။

“နယ်စပ်မြို့တွေမှာ စက်သုံးဆီဝယ်ယူလို့ မရတော့ဘူး။ အဆက်သွယ်ကောင်းတဲ့သူတွေလောက်ပဲ အနည်းငယ် ဝယ်လို့ရတော့တယ်။ အရင်ကတည်းက ဝယ်ပြီးသားရှိတဲ့ စက်သုံးဆီတွေကိုလည်း နယ်စပ်ဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေရှိတယ်။ ဝယ်ယူထားတဲ့ အထောက်အထားတွေ ပြနိုင်မှ ဖြတ်သန်းခွင့်ပြုတယ်။ ဒီအတိုင်းသာဆိုရင် ရခိုင်ဘက်မှာ စက်သုံးဆီက ပြတ်တောက်မှုတွေ ဖြစ်လာနိုင်သလို ဈေးတွေလည်း ထိုးတက်လာနိုင်တယ်။”

ဒါ့အပြင် ဆိုင်ဟာခရိုင်ထဲမှာ ဆီတွေကို အစိုးရသတ်မှတ်ဈေးထက် ပိုမရောင်းချဖို့နဲ့ ဓာတ်ဆီ ၅၀၀ လီတာအထက်နဲ့ ဒီဇယ်ဆီ ၁,၀၀၀ လီတာအထက် ပိုဝယ်ယူမယ်ဆိုရင် သိုလှောင်ခွင့်ပါမစ် ပါရှိရမယ်လို့ ဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်ကို အိန္ဒိယနိုင်ငံရဲ့ ဥပဒေအတိုင်း ထုတ်ပြန်ထားတာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်သူ တွေ့ရှိရင် တည်ဆဲဥပဒေအရ ပြင်းထန်စွာ အရေးယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမိန့်ဟာ ထုတ်ပြန်တဲ့ မတ် ၂၀ ရက်ကစပြီး ၂ လအထိ အတည်ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမိန့်ကြောင့် အိန္ဒိယကနေ ဆီတင်သွင်းတာ ရပ်လိုက်တာ တပတ်နီးပါး ရှိလာချိန်မှာပဲ ဒေသတွင်းမှာ စက်သုံးဆီ တလီတာကို အရင်က ၇,၀၀၀ ဝန်းကျင် ရှိခဲ့ရာကနေ ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ ရခိုင်ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ရခိုင်ဒေသတွင်း ဆီဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေးစရိတ်တွေပါ မြင့်တက်လာနေပြီး ကုန်သည်တွေနဲ့ ဒေသခံတွေကြားမှာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိလာနေတယ်လို့ မကွေးဘက်ကနေ ကုန်တွေတင်သွင်းနေရတဲ့ ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“ဆီက အိန္ဒိယဘက်လည်း ကန့်သတ်ချက်တွေ ရှိနေသလို ဒီ ဗမာပြည်ဘက်ကလည်း ကန့်သတ်ချက်တွေ ရှိနေတော့ ဝယ်ရတဲ့အပိုင်းမှာတော့ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်ပေါ့။ အခုက ဆီဈေးက သိသိသာသာကြီးကို တက်နေတယ်။ နောက်တခုက ဒီ ကုန်သွယ်ရေးမှာလည်း အများကြီး ထိခိုက်တာတွေ ရှိတာပေါ့။ ကုန်ဈေးနှုန်းတွေ ပိုတက်လာတဲ့ အနေအထားပေါ့နော်။ ပုံမှန်ပြေးဆွဲနေတဲ့ ကားတွေဆိုလို့ရှိရင် အခု ပုံမှန်သွားလို့မရဘူး၊ အလှည့်ကျ ပုံစံမျိုးတွေ လုပ်တာ။ နောက်တခုက ဆီစောင့်နေရတာ၊ ကုန်က တရက် နှစ်ရက်လောက်နဲ့ ရောက်မဲ့ဟာကို တပတ် ၁၀ ရက်လောက် ကြာသွားတဲ့ ပုံစံမျိုးတွေတော့ ဖြစ်လာတယ်။”

ဒါကြောင့် အိန္ဒိယဘက်က စက်သုံးဆီ ဝယ်ယူလို့မရရင် သက်ဆိုင်ရာ အစိုးရတရပ်အနေနဲ့ ရခိုင်ပြည်တွင်း ရှိနေတဲ့ စက်သုံးဆီတွေကို စနစ်တကျ ရောင်းချဖို့နဲ့ ရေရှည်စီမံကိန်းချမှတ်ဖို့ လိုအပ်နေပြီလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရခိုင်မှာ ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲ စတင်ကတည်းက စစ်တပ်က ကုန်းလမ်း၊ ရေလမ်းတွေကိုပါ ပိတ်ဆို့ထားပြီး ကုန်စည်စီးဆင်းခွင့်ပါ ပိတ်ပင်ထားတာကြောင့် အခြေခံစားသောက်ကုန်တွေနဲ့ လိုအပ်တဲ့ စက်သုံးဆီတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ အဓိက တင်သွင်းနေရတာ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အိန္ဒိယက ဆီရောင်းချမှုကန့်သတ်သဖြင့် ရခိုင်၌ စက်သုံးဆီဈေးမြင့်တက်