ရုရှားထိန်းချုပ်ထားတဲ့ ဆီဗက်စ်တိုပိုလ် ဆိပ်ကမ်းမြို့ရှိ လူနေအဆောက်အအုံတခုမှာ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် လူ ၂ ယောက် သေဆုံးပြီး အနည်းဆုံး ၁၀ ယောက် ဆေးရုံတင်ထားရတယ်လို့ ရုရှားခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး မိခေးလ် ရာဇ်ဗိုဇာယက်ဗ်က မတ် ၂၄ ရက်မှာ ပြောပါတယ်။
ဒီပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။ ရုရှား အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာ အဆောက်အအုံ တစိတ်တပိုင်း ပြိုကျ ပျက်စီးသွားတာ၊ ကားတစီး မီးလောင်သွားတာနဲ့ ပြတင်းပေါက်တွေ ကွဲကြေ ကျိုးပဲ့နေတဲ့ အခြေအနေတွေကို မြင်တွေ့ရပါတယ်။
အနီးနားက တိုက်ခန်းတွဲ ၃ ခုလည်း ပျက်စီးသွားတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပြီး နေထိုင်သူတွေကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။
ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောဘဲ ရာဇဝတ်မှုအဖြစ် အမှုဖွင့် စုံစမ်းနေပါတယ်။
နောက်ပိုင်းမှာ အာဏာပိုင်တွေဟာ တိုက်ခန်းတခုခုထဲက ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်နိုင်ခြေကို ပယ်ချလိုက်ကြောင်း အတည်ပြုလိုက်တယ်လို့ အုပ်ချုပ်ရေးမှူး ရာဇ်ဗိုဇာယက်ဗ်က ပြောပါတယ်။
ရုရှားဟာ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီး လက်ရှိမှာ သူတို့ပိုင်နက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ထားပေမဲ့ ကမ္ဘာ့နိုင်ငံအများစုကတော့ ခရိုင်းမီးယားကို ယူကရိန်းရဲ့ ပိုင်နက်အဖြစ်ပဲ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
Source: Reuters










