ရုရှားနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောလိုင်းတွေအပေါ် အရေးယူမှုတွေကို ပိုမိုတင်းကျပ်ကြဖို့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဂျွန်ဟီးလီက တခြားနိုင်ငံတွေကို အောက်တိုဘာ ၁၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဂျွန်ဟီးလီက ဘန်ကောက်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ နိုင်ငံတကာက ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေချိန်မှာခုလို တောင်းဆိုလိုက်တာပါ။
အစည်းအဝေး ရောက်ရှိနေကြတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ အနေနဲ့ ယူကရိန်းကိစ္စမှာ ရုရှားအပေါ် တင်းကျပ်ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ဆက်လုပ်ထားဖို့၊ အထူးသဖြင့် ပိတ်ဆို့မှုတွေကို ရှောင်ကွင်းပြေးဆွဲနေတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မှောင်ခိုသင်္ဘောအုပ်စုကို လည်ပတ်နိုင်အောင် ကူညီပေးနေတဲ့ သင်္ဘောလိုင်း ဝန်ဆောင်မှုတွေအပေါ် တားမြစ်ပိတ်ပင်မှုကို ပိုပြီးတင်းကျပ်ဖို့ သူ့အနေနဲ့ သတင်းစကားပါးလိုကြောင်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်ဟာ ရုရှားက ယူကရိန်းကျူးကျော်စစ်အတွက် ရန်ပုံငွေရှာဖွေရာမှာနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ရာမှာ အသုံးပြုနေတယ်လို့ ယူဆရတဲ့ သင်္ဘောတွေ၊ ဆက်စပ်ဝန်ဆောင်မှုတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကို တဆက်တည်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ စံချိန်တင် မြင့်တက်နေတဲ့ ကမ္ဘာ့ရေကြောင်း ကုန်စည်ပို့ဆောင်ခတွေကို လျှော့ချနိုင်ဖို့အတွက် ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလားတို့ အပါအဝင် နိုင်ငံအသီးသီးကနေ ရေနံနဲ့ စက်သုံးဆီ ထုတ်ကုန်တွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ အရိပ်မှောင်ခိုသင်္ဘောတွေအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို လျှော့ပေါ့ပေးဖို့ တရမ့်ပ် အစိုးရအဖွဲ့က စဉ်းစားနေကြောင်း အမေရိကန် အရာရှိတယောက်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အဲဒီ ဆွေးနွေးမှုတွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှား ဒီဇယ်ဆီအပေါ် ပိတ်ဆို့အရေးယူထားမှုကို ယာယီရုပ်သိမ်းပေးခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ ပေါ်ပေါက်လာတာပါ။ အဲဒီ လုပ်ဆောင်ချက်အပေါ် ယူကရိန်းသမ္မတဇလန်းစကီး၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် အထက်လွှတ်တော်က ထရမ့်ပ်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တချို့ကပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရုရှား ဒရုန်းထိမှန်မှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ ယူကရိန်းရဲ့ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံ ပြန်လည်ပြင်ဆင်ရေးအတွက် အမေရိကန်၊ ပြင်သစ်တို့နဲ့အတူ ဗြိတိန်ကလည်း ပေါင် ၁၇ သန်း (ဒေါ်လာ ၂၃ သန်း) ထောက်ပံ့ပေးသွားမယ်လို့ ဂျွန်ဟီးလီက ပြောပါတယ်။
Source: Reuters











