DVB Logo
Home
Lead Story
“စစ်အာဏာရှင်စနစ်ရဲ့ မျက်နှာဖုံးကို ကျနော်တို့ ခွာချမယ်” - မေးမြန်းချက်
DVB
·
March 10, 2015
“စစ်အာဏာရှင်စနစ်ရဲ့ မျက်နှာဖုံးကို ကျနော်တို့ ခွာချမယ်” - မေးမြန်းချက်
Donate to DVB

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမှာ ဒီကနေ့ အကြမ်းဖက်ဖြိုခွင်း ဖမ်ဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး ဗကသများ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီက ပြောရေးဆိုခွင့်ရှိသူ ကိုသီဟ၀င်းတင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ ကျောင်းသားသပိတ် ဖမ်းဆီးဖြိုးခွင်းခံရတဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။
“နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ အားလုံးကို ဖမ်းသွားပြီ ကျနော်တို့ ခေါင်းဆောင်ပိုင်း တချို့လွတ်နေတယ်။ လွတ်နေတဲ့လူ တချို့က ရန်ကုန်၊ မန္တလေး၊ မြင်းခြံမှာ ဒီနေ့ရအောင်လုပ်တယ်။ ရန်ကုန်မှာလုပ်တဲ့ အနေအထားမျိုးမှာလည်း အတားအဆီး အပိတ်အဆို့တွေ အများကြီးရှိတယ်။ အများကြီးရှိတော့ ကျနော်တို့ ခေတ္တပြန်ဆိုင်းထားတယ်။

ရန်ကုန်သွားဖို့တောင်မှ ပြန်ပြီးတော့ အဆင်ပြေမယ့် အခြေအနေကနေ အခုလိုမျိုး တစ်ဆစ်ချိုးပြောင်းပြီးတော့ လုံခြုံရေးတွေက အခုလိုမျိုး ၀င်ရောက်ဖြိုခွင်း စီးနင်းဖမ်းဆီးတဲ့ အခြေအနေဖြစ်သွားတာ ဘယ်လိုကြောင့်လဲ။
“အဓိကက ပထမတော်တော်အဆင်ပြေပြီးတော့ ခဏနေတော့ နောက်တကြိမ် ပြန်ဆွေးနွေးပါမယ်ဆိုပြီး ကျနော်တို့ကို ခေါ်တယ်ဗျ။ မခေါ်ခင် ကျနော်တို့ အပြင်ထွက်တဲ့အချိန်မှာ သူတို့ ရပ်ကွက်က မိဘပြည်သူလို့ ပြောတဲ့ လူတချို့ကနေပြီး ကျနော်တို့ကို လော်စပီကာနဲ့အော်ပြီး သူတို့ သီးခံတာကြာပြီ ဘာညာဆိုပြီးတော့ အော်တယ်။ ဒါပေမယ့် လက်ပံတန်းဒေသခံ ပြည်သူတွေက ပြောလဲပြောရော ဒါမိဘပြည်သူတွေ အစစ်မဟုတ်ဘူးပေါ့နော်၊ အစိုးရရဲ့ လက်ကိုင်တုတ်တွေလို့ ပြောတယ်။ ပြီးတော့ စွမ်းအားရှင်တွေလို့လည်း ပြောတယ်။ အဲဒါနဲ့ ကျနော်တို့ကို ဒုတိယ တကြိမ်ဆိုပြီးတော့ ၀န်ကြီးက နေပြန်ခေါ်တယ်။ ခေါ်ပြီးတော့ ဒုတိယတကြိမ်ကျတော့ ကျနော်တို့ကို ဆိုင်းဘုတ်ဖြုတ်သွားရမယ်၊ လက်ပတ်မစည်းရဘူး။ နဖူးစီး မစည်းရဘူး။ အလံမထောင်ရဘူး ဆိုတဲ့ စကားတွေပြောတယ်။ နောက်တခုက ကားတစီးနဲ့ တစီးကို အကြာကြီး ခြားပြီးမှ သွားရမယ်ဆိုတဲ့ ပုံစံမျိုးတွေပြောတယ်။ အဲဒိမှာ ညှိနှိုင်းလို့ အဆင်မပြေတော့ ၁၁ နာရီ ၄၅ မှာ ကျနော်တို့ ဒီအတိုင်းတိုးတယ်။ တိုးတဲ့အချိန်မှာလည်း ပြသနာမရှိသေးဘူး။ တိုးနေရင်းနဲ့မှ နောက်ပိုင်းသူတို့ဘက်က စပြီး ရိုက်နှက်ပြီး အကြမ်းဖက်ဖြိုခွဲလိုက်တာ ဖြစ်တယ်။”

ရဲလုံခြုံရေးတွေဝင်ပြီးတော့ ရိုက်နှက်ဖြိုခွင်းတဲ့အချိန်မှာ ကိုသီဟ၀င်းတင်ကော ရိုက်နှက်ခံရတာ ရှိလား။ အဲဒီအချိန် ဘယ်နေရာမှာရောက်နေလဲ ပြောပြပေးလို့ ရမလား။
“ကျနော်တို့တွေက မရှိကြတော့ဘူးခင်ဗျ။ ကျနော်တို့တွေ မရှိကြတော့ပဲနဲ့ ကျနော်တို့တွေ ကိစ္စတခု တာဝန်တခုနဲ့ အပြင်ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့ ကျောင်းသားခေါင်း ဆောင် တချို့က။”

တချို့လူနာကင်ကားနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကျောင်သားတွေကို တင်ဖို့ အခြေအနေမှာ ကားတွေလည်း ပေးမထွက်ဘူးလို့ပြောတယ်။ အဲဒီတော့ ဒဏ်ရာရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေက နောက်ဆုံးဘယ်လိုရှိလဲ။
“ကျနော်တို့ ကိုသာအေးဆိုတဲ့ ကျောင်းသားတယောက်က အောက်စီဂျင်ပြတ်ပြီးတော့ မျက်ဖြူလန်နေပြီးတော့ ကားပေါ်တင်တယ်။ တင်ပြီးတော့ လူနာတင်ကားထွက်တဲ့ အချိန်မှာ သူတို့တွေက တားပြီးတော့ ကိုသာအေးကို ဖမ်းသွားတယ်။ နောက်ဆုံးမှာဘာမှ မသိရဘူး။ နောက် ကျနော်တို့ ဖွင့်ထားတဲ့ကား ဆိုင်းဘုတ်တွေတင်ပြီးတော့ အဲဒီဥစ္စာတွေကိုလည်း ဖျက်ဆီးတယ် ရိုက်ခွဲတယ်။ ပြီးတော့ ကျနော်တို့ကို ကူညီတဲ့ နာရေးကူညီမှုအသင်းက ကားတွေကိုလည်း ရိုက်ခွဲတယ်။”

တိမ်းရှောင်သွားတဲ့ သံဃာတော်တွေနဲ့ ကျောင်းသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ၀င်ပြီးတော့ ဖမ်းဆီးတာတွေလုပ်တယ်လို့ ကျနော်တို့သိရတယ် ။ အဲဒီမှာ ဆန္ဒပြပွဲမှာ မပါတဲ့ သံဃာတော်တွေ အဖမ်းခံရတာရှိလား။
“ကျနော်တို့ကို ၀င်ပြီးတော့ရိုက်ပြီး ဖြိုခွင်းလိုက်တဲ့အချိန်မှာ ကျနော်တို့ သပိတ်စစ်ကြောင်း ပျံ့သွားပြီး တချို့ကျောင်းထဲဝင်ပြီး အနားယူနေကြတယ်။ ဆေးကုသမှုတွေ ခံယူနေကြတဲ့ အဓိကတော့ ကျောင်းသူအများစုပေါ့။ အဲဒီမှာ တချို့သံဃာတွေလည်းရှိတယ်။ ကျောင်းကို ၀င်စီးနင်းပြီးတော့ မဖြိုးဖြိုးအောင် အပါအ၀င် ကျောင်းသူ တချို့ကို ဖမ်းဆီးသွားတယ်။ ဖမ်းဆီးသွားပြီးတော့ အဲဒီမှာ သပိတ်စစ်ကြောင်းထဲမှာပါတဲ့ ဘုန်းကြီးတွေကိုပဲ အဓိကထားပြီး ဖမ်းသွားတယ်။”

အခု အဖမ်းခံရတဲ့ကျောင်းသားတွေ အတွက် ဘယ်လိုမျိုးဆက်လုပ်သွားမလဲ။ သူတို့ဘယ်မှာ ရှိနေလဲ။ သူတို့ကိုဘယ်ကိုခေါ်သွားတယ်ကြားလဲ၊ လက်ပံတန်းရဲစခန်းကိုမေးကြည့်တော့ ဒီမှာမထားဘူးလို့ပြောတယ်။ သိရသလောက် အဖမ်းခံထားရတဲ့ကျောင်းသားတွေ ဘယ်ရောက် သွားပြီလဲ။
“အခုလောလောဆယ် ကျနော်တို့ကလည်းေ၇ှာင်နေတော့ မသိဘေးဘူးဗျ။ ခဏနေကျရင်တော့ ဒေသခံတွေကတဆင့် ပြန်စုံစမ်းဖို့ရှိတယ်။ သူတို့ရဲ့ ပုံမှန်အကျင့်ကတော့ ပထမ ကျောင်းသား လေးယောက် အဖမ်းခံရတုန်းက လက်ပံတန်းရဲစခန်းမှာ မထားဘဲနဲ့ သာယာဝတီကိုပို့တဲ့ အနေ အထားမျိုးရှိတယ်။”

အဲဒီတော့ ဖြိုခွင်းဖမ်းဆီးခံရတဲ့အထဲမှာ ကျောင်းသားခေါင်းဆောင်တွေထဲက ဘယ်နှစ်ယောက် ပါသွားလဲ၊ အားလုံး ခန့်မှန်းချေဘယ်နှစ်ယောက်လောက် ဖမ်းဆီးခံရတယ်လို့ ပြောလို့ရမလဲ။
“အခုလောလောဆယ် ကိုရဲရင့်ကျော်ပါသွားတယ်။ မဖြိုးဖြိုးအောင် ပါသွားတယ်။ ကိုသန်းထိုက် ပါသွားတယ်။ ကိုမင်းသွေးသစ် ပါသွားတယ်။ ကိုအောင်မှိုင်းဆန်းကတော့ ဆက်သွယ်လို့ မရသေးဘူး။”

ထိုင်သပိတ်ထဲမှာရှိတဲ့ ကျောင်းသားတော်တော်များများ ဖမ်းဆီးခံရတယ်လို့ ပြောလို့ရမလား။
“ဟုတ်တယ်ခင်ဗျ ၊ ဟုတ်တယ်။”

အဲဒီတော့ အခုလို ကျောင်းသားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေမှာ ဘာဆက်လုပ်ကြမလဲ။
“အဓိကက ဒီပွဲကတော့ ပြီးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းရမယ့်ကိစ္စကို အကြမ်းဖက်တယ်ဆိုကတည်းက စစ်အစိုးရရဲ့ သရုပ်သကန်ကိုဖော်ပြတာဘဲ။ ကျနော်တို့ ကျောင်းသားတွေမှာ ဘာမှမရှိဘူး။ အလွန်ဆုံးရှိမယ်ဆိုရင် ဘောလ်ပင်ဘဲရှိမယ်။ ပြည်သူတွေကိုလည်း မေးကြည့်ပါ။ အကုန်မြင်ပါတယ်။ ဒါကျောင်းသားတယောက်ကို ခွေးရိုက်၊ နွားရိုက်ကို ရိုက်ပြီးတော့ ဆွဲတင်တာ။ ဒါသူတို့ရဲ့ အကျင့်ဟောင်းကို ပြန်ဖော်ပြတာလို့ မြင်တယ်ဗျ။ သူတို့ဖာသာ ဘယ်လိုဘဲ ဒီမိုကရေစီအစိုးရလို့ ခေါ်ခေါ် ဒါစစ်တပ်ရဲ့ ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ စစ်အစိုးရပုံစံပဲ ဖြစ်နေတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒီကျောင်းသားလှုပ်ရှားမှုဟာ ဘယ်တော့မှ မသေသွားဘူး။ ဆက်ပြီး လှုပ်ရှားသွားမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒီကိစ္စဖြေရှင်းပေးရမယ်။ တာဝန်ယူ ရမယ်။ တောင်းပန်ရမယ်။ နောက်တကြိမ် နောက်တကြိမ် ဆိုတဲ့ဟာကို ကျနော်တို့ လုံးဝမကြားချင်ဘူး။ ဒီကိစ္စ ဖြေရှင်းမပေးမချင်းကို ကျနော်တို့ ကျောင်းသားလှုပ်ရှားမှုကဆက် ရှိနေမယ်။”

အခုက ပင်မသပိတ်စစ်ကြောင်း အနေနဲ့ လုံးဝဖြိုခွဲခံလိုက်ရတဲ့ အခြေအနေလို့ ပြောလို့ရမလား။
“ဟုတ်ကဲ့ခင်ဗျ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒါကျနော်တို့ ခွဲလိုက်တဲ့သပိတ် မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် လှန်လိုက်တဲ့သပိတ် မဟုတ်ဘူး။ အာဏာပိုင်က ဖြိုခွဲတာ။ ဒီအတွက် ဒီသပိတ်က ဆက်ရှိနေမှာ၊ ဖြိုခွဲခံရတယ်ဆိုတာ အခုလောလောဆယ်သာ ဖြိုခွဲခံရမယ် ဒါပေမယ့် ပင်မစစ်ကြောင်း၊ ပင်မသပိတ် ဒီမိုကရေစီပညာရေးပင်မသပိတ်ဆိုတာဟာ တနေရာကနေ ပြန်ပေါ်လာမယ်လို့ ကျနော်တို့ ပြောလို့ရတယ်ခင်ဗျ။”

တခြားနောက်ထပ်ဘာများပြောချင်တာရှိသေးလဲကျနော်မမေးပဲနဲ့။
“ပြောချင်တာကတော့ အဓိကကတော့ မိဘပြည်သူတွေပေါ့နော်။ ကျနော်တို့ကို အခုချိန်ထိ ၀န်းရံပေးတဲ့ ပြည်သူတွေကို အရမ်းကျေးဇူးတင်တယ်။ ဒီနေ့လိုမျိုးမှာဆိုရင် ကျောင်းသားတွေကို ကိုယ့်သားသမီးအရင်းလိုကာကွယ်တယ်၊ အရှေ့ကနေ အရိုက်ခံရတယ်။ ဒါတွေကြောင့်လည်း ကျနော်တို့ကျောင်းသားတွေ ထိခိုက်နစ်နာ နည်းခဲ့ပါတယ်။ ကျနော်တို့ကြောင့် အဖမ်းခံရတဲ့ မိဘတွေလည်း ရှိပါတယ်။ ကျောင်းသားတွေလည်းရှိတယ်။ ကျနော်တို့ ပင်မသပိတ်တိုက်ပွဲဟာ ဘယ်တော့မှလည်း ပြီးမှာ မဟုတ်ဘူး။ ပင်မသပိတ်စစ်ကြောင်းကလည်း ပြိုကွဲသွားမှာ မဟုတ်ဘူး။ တနေရာရာမှာ ပြန်ကိုပေါ်လာမယ်လို့ ကတိပေးပါတယ်။ ပေါ်လာတဲ့ အချိန်ကျရင်လည်း မိဘပြည်သူတွေ အနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းဝန်းရံပြီးတော့၊ ယခင်ကလိုဘဲ အားလုံးပူးပေါင်းပြီးတော့ ပြည်သူနဲ့ကျောင်းသားနဲ့ပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ရဲ့ မျက်နှာဖုံးကို ကျနော်တို့ခွာချမယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ ကြိုးစားကြပါလို့ ကျနော်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013