ဝင်ဘလေကွင်းမှာ မတ် ၂၂ ရက် ညက ကျင်းပခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုးတွေကို လူငယ်ကစားသမား နီကိုအိုရိုင်လီက ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ နဲ့ ၆၄ မိနစ်တွေမှာ ၄ မိနစ်အတွင်း ခေါင်းတိုက်ဂိုး ၂ ဂိုး ဆက်တိုက် သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် နည်းပြ ပက်ဂွါဒီယိုလာဟာ ဆာအဲလက်စ်ဖာဂူဆန်ကို ကျော်ဖြတ်ပြီး ဒီပြိုင်ပွဲမှာ ၅ ကြိမ်မြောက် ချန်ပီယံဖြစ်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဘက်မှာတော့ ဂိုးသမားကီပါရဲ့ အမှားကနေတဆင့် ဂိုးပေးခဲ့ရသလို တိုက်စစ်ပိုင်းမှာလည်း ထိရောက်တဲ့ပုံစံမျိုး မပြနိုင်ခဲ့တာကြောင့် ၂၀၂၀ နောက်ပိုင်း ပထမဆုံး ဆုဖလားရရှိမဲ့ အခွင့်အရေးနဲ့ ဝေးကွာခဲ့ရပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ဇယားမှာ အာဆင်နယ်က မန်စီးတီးထက် ၉ မှတ် အသာရနေပေမဲ့ ဒီဗိုလ်လုပွဲရလဒ်က ချန်ပီယံလုပွဲအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။










