
လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရက လိုက်လျော ပေးဖို့နဲ့ အကြမ်းဖက်မဖြေရှင်းဖို့ နိုင်ငံရေးပါတီတွေ အပါအ၀င် အရပ်ဖက်အဖွဲ့အစည်း ၈၀ကျော်က တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲကျင်းပ ကြေညာချက်ထုတ်ပြန်ပြီး အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာပါ။
ဒီကြေညာချက်ထဲမှာရန်ကုန်ကိုချီတက်နေတဲ့သပိတ်မှောက်ကျောင်းသားတွေတောင်းဆိုထား တဲ့အချက်တွေ ကို အစိုရက လိုက်လျောပေးဖို့နဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကိုလိုလားကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ဌာနဆိုင်ရာက လူပုဂ္ဂိုလ်တွေနဲ့ ရဟန်းရှင်လူတွေ အနေနဲ့ ပညာရေးသပိတ် တိုက်ပွဲ ၀င်နေတဲ့ ကျောင်းသားတွေကို ၀ိုင်းဝန်းစောင့်ရှောက် ကာကွယ် ပူးပေါင်းပါဝင် ကူညီကြဖို့ တိုက်တွန်းထား ပါတယ်။
အလားတူ အထက်ဗမာပြည် အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ ရာကျော်ကလည်း ကျောင်းသား အရေးကို အကြမ်းဖက် မဖြေရှင်းဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ သဘောထားထုတ်ပြန်ချက် ရုပ်သံမှာတော့ ဦးမင်းကိုနိုင်က ‘“ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးက ရတဲ့ ရလဒ်တွေထဲမှာ ဘာပါသလဲဆိုရင် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်ထဲမှာ ဆွေးနွေးနေစဉ်ကာလ အတွင်း အခြေအနေမျိုးမှာ တွေ့ဆုံရမယ့် အခက်အခဲတွေနဲ့ ပတ်သက်လို့ မလိုလားအပ်တဲ့ အခြေ အနေမျိုးမှ ရှောင်လွှဲနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ပါတယ်။ အဲဒီအချက်ကို ဒီကနေ့ မမေ့ကြပဲ မျက်ခြေမပြတ်ပဲနဲ့ မလိုလားအပ်တဲ့ အခြေအနေမျိုးက ရှောင်လွှဲနိုင်အောင်လို့ ပူးပေါင်း ဆောင်ရွက်ကြ ပါလို့ တိုက်တွန်းလို ပါတယ်”လို့ပြောကြားထားပါတယ်။
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ဆန္ဒပြကျောင်းသားတွေနဲ့ သံဃာတော် ၁၀၀ ကျော်လောက်ဟာ ပဲခူးတိုင်းလက်ပံတန်းမြို့မှာ ရဲလုံခြုံရေးတွေရဲ့ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ ခံနေရတာပါ။
ကျောင်းသားတွေကတော့ ဒီကနေ့မနက် မတ်လ ၁၀ ၇က် မနက် ၁၀နာရီ နောက်ဆုံး ထားပြီး ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးပို့နဲ့ မဖြေရှင်းပေးရင် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ အစိုးရရဲ့ တာဝန်သာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
သပိတ်မှောက်ကျောင်းသားတွေရဲ့တောင်းဆိုချက် ၈ ချက်ထဲမှာတော့ လက်ပံတန်းကနေ သာယာဝတီအထိ လမ်းလျှောက် ချီတက်ဖို့၊ အဲဒီနောက် ရန်ကုန်အထိ ကားတွေနဲ့ သမဂ္ဂအလံ ထောင်၊ သီချင်းဖွင့် သွားရောက်ဖို့နဲ့ ရွှေတိဂုံ ဒါမှမဟုတ် သမဂ္ဂရင်ပြင်မှာ အခမ်းအနား ပြုလုပ်ပြီး လူစုခွဲဖို့ စတာတွေပါဝင်ပါတယ်။
[gallery ids="84913,84914,84915"]










