DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများ ပိတ်ဆို့ခံနေရသည့်ကိစ္စ ကြားဝင်ဆောင်ရွက်မှု မအောင်မြင်
DVB
·
March 9, 2015
ကျောင်းသားများ ပိတ်ဆို့ခံနေရသည့်ကိစ္စ ကြားဝင်ဆောင်ရွက်မှု မအောင်မြင်
Donate to DVB

လက်ပံတန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တားဆီးပိတ်ဆို့ခံနေရတဲ့ သပိတ်မှောက် ကျောင်းသားတွေကိစ္စ ကြားဝင်ဆောင်ရွက်ပေးမှု ရလဒ်ဘာမှ ထွက်မလာခဲ့ဖူးလို့  အန်အန်အီးအာ ပညာရေးကွန်ရက်က ဒေါက်တာသိန်းလွင်က ပြောပါတယ်။

စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပေါင်းကူး အဖွဲ့တွေဟာ သပိတ်မှောက် ကျောင်းသားတွေကို ရဲတပ်ရင်းတွေ ပိတ်ဆို့ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းနယ်လုံဝန်ကြီးနဲ့ ဒီကနေ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာပါ။

တွေ့ဆုံဆွေးနွေးခဲ့သူ ဒေါက်တာသိန်းလွင်က ‘နယ်လုံက ကျောင်းသားတွေဘက်က  ၁၀ ရက်နေ့ ၁၀ နာရီ နောက်ဆုံးထားပြီး တောင်းဆိုချက် ၈ ချက် အကြောင်းပြန်ဖို့ ပြောထားတော့ အဲဒီ အပေါ်မှာ စိုးရိမ်တဲ့ သဘောရှိတယ်။ အဲဒါကို ပြေပြေလည်လည် ဖြစ်စေချင်တယ်။ ကျနော်က အဲဒါနဲ့ ပြေလည်ဖို့အတွက် ၀န်ကြီးဘာလုပ်ပေးနိုင်လဲဆိုတော့ သူ့အနေနဲ့ကတော့ ပြည်ထဲရေးက သူ့ကို တာဝန်ပေးထားတဲ့အတိုင်းပဲ ဆောင်ရွက်နိုင်မယ်။  ကျန်တဲ့ကိစ္စကတော့ အစိုးရအဖွဲ့နဲ့ ပြောပါလို့ သူပြောတဲ့အထဲမှာ ထူးခြားချက်က ဘာပါလာလဲဆိုတော့ တန်ပြန်သပိတ်တွေ ရှိလာနိုင်တယ်ဆိုတဲ့ အချက်ကိုပြောလာတယ်။ ရလဒ်ကတော့ ဘာမှမထွက်ဘူး။ သူ့ဘက်က စိုးရိမ်တဲ့အချက်နဲ့  ကျနော်တို့ဘက်ကတော့ အပြည်လည်ဆုံး ဒါတာဝန်ရှိတယ်  ၀န်ကြီးတို့ဘက်ကလည်း ဂုဏ်သိက္ခာရှိတဲ့ဟာပေါ့ နာမည် မပျက်တဲ့ဟာပေါ့ ဆောင်ရွက်ဖို့ ကျောင်းသားတွေဖြစ်စေချင်တာလည်း ဆောင်ရွက်ပေးဖို့ ကျနော်တို့က ပြောခဲ့တယ်’လို့ ပြောပါတယ်။

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး  ဆယ်တန်း စာမေးပွဲတွေ မစခင် မတ်လ ၁၀ ရက်နေ့မှာ ဖြေရှင်းပေးဖို့  ပင်မကျောင်းသား သပိတ်စစ်ကြောင်းက အစိုးရကို တောင်းဆိုထားတာဖြစ်ပြီး  ဖြေရှင်းမပေးပါက နောက်ဆက်တွဲ အကျိုးဆက် ပြသာနာတွေဟာ အစိုးရရဲ့ တာဝန်သာဖြစ်ကြောင်း သတိပေးကြေညာထားတာပါ။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး အစိုးရဘက်က ဒီကနေ့ ညနေ ၆ ကျော်တဲ့အထိ တစုံတရာ တုံ့ပြန်လာတာမရှိသေးဘူးလို့ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

လက်ပံတန်း ရဲတပ်ဖွဲ့ကတော့ အမြဲတမ်း ဆက်စပ် ညှိနှိုင်းတဲ့ လမ်းစဉ်အတိုင်းပဲ ဆောင်ရွက် ကျင့်သုံးနေတာဖြစ်တဲ့အကြောင်းနဲ့ ဥပဒေဘောင်အတိုင်းဘဲ လက်ဆောင်ရွက်နေတယ်လို့ ပြော ပါတယ်။

ကြားဝင်ညှိနှိုင်းပေးနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးအောင်မိုးဇော် ကတော့ ‘ဒီပြသနာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်နိုင်ဖို့အတွက် တဖက်ကလည်း ကျောင်းသားတွေ အနေနဲ့က တောင်းဆိုချက် ၈ ချက်ကို တောင်းထားတယ်။  ၈ ချက်က တကယ်တမ်းကျတော့  တရားမျှတတဲ့တောင်းဆိုချက် ဖြစ်တယ်လို့မြင်တယ်  ဒီအပေါ်မှာ အခြေခံပြီးတော့ အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်ဆွေးနွေး ဖို့လိုတယ်လို့ထင်တယ် အဲလို ဆွေးနွေးနိုင်အောင်လည်း မေတ္တာရပ်ခံတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲမှာ သာယာဝတီအထိ လမ်းလျှောက် ချီတက်ဖို့၊ အဲဒီနောက် ရန်ကုန်အထိ ကားတွေနဲ့ သွားရောက်မှာ ဖြစ်ပြီး ကားပေါ်မှာ သမဂ္ဂအလံ ထောင်၊ သီချင်းဖွင့်တာတွေနဲ့ ရွှေတိဂုံ ဒါမှမဟုတ် သမဂ္ဂရင်ပြင်မှာ အခမ်းအနား ပြုလုပ်ပြီး လူစုခွဲတာတွေ ပါဝင်ပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းမြို့နယ် အသီးသီးရှိ မိဘပြည်သူတွေကတော့  နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံ ပန်ကြားချက် တစ်စောင်ကို  ဒီကနေ့ မတ်လ ၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီပန်ကြားစာမှာ ကျောင်းသားတွေဟာ အမိုးအကာမဲ့ ကတ္တရာလမ်းပေါ်မှာ နေပူဒဏ်၊ အအေးဒဏ် အစားအသောက် ဆင်းရဲမှုနဲ့ ကျန်းမာရေး ချို့တဲ့မှု စတဲ့ ဒုက္ခများ ကြီးမားစွာ ခံစားနေရတာကို မြင်တွေ့နေရတဲ့ ဝမ်းနည်း ကြေကွဲစွာ ခံစားနေကြရကြောင်း၊ သမ္မတကြီးအနေနဲ့ မိဘ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို စာနာထောက်ထားတဲ့ အနေနဲ့ လည်းကောင်း၊ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူတွေအပေါ် ရင်ဝယ်သားကဲ့သို့ သနားကြင်နာမှုကို ရှေ့ရှု၍လည်းကောင်း လက်ရှိ အကျပ်အတည်းတွေကနေ ချောမော အောင်မြင်အောင် ပြီးဆုံးနိုင်ရေး အတွက် အစွမ်းကုန် ဆောင်ရွက်ပေးနိုင်ရန် အနူးအညွတ် မေတ္တာရပ်ခံကြောင်း ဖော်ပြထားပါတယ်။

အလားတူ ဧရာဝတီတိုင်း ဟင်္သာတ၊ မအူပင်စတဲ့မြို့တွေမှာလည်း ကျောင်းသားတွေအပေါ်  အကြမ်းမဖက်ရေး လှုပ်ရှားမူကို ကျောင်းသားသမဂ္ဂတွေက ဦးဆောင်ပြီး လူစည်ကားတဲ့ နေရာတွေမှာ လှည့်လည် လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013