
တတိယမြောက် အမေရိကန် လေယာဉ်တင်သင်္ဘော ဂျော့ချ် ဒဗလျူ ဘုရှ်ကို အရှေ့အလယ်ပိုင်းဆီ တပ်ဖြန့် ချထားခဲ့တယ်လို့ မတ် ၃၁ ရက်မှာ Wall Street Journal က ဖော်ပြလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ချထားတဲ့ တခြား အမေရိကန်လေယာဉ်တင်သင်္ဘောတွေက USS အေဘရာဟင်မ် လင်ကွန်းနဲ့ USS ဂျရဒ် အာရ် ဖို့ဒ်တို့ ဖြစ်ပါတယ်။
အီရန်ကို အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ဆင်ရေးတွေမှာ တပ်ဖြန့်ချထားခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော ဂျရဒ် အာရ် ဖို့ဒ်ဟာ ပြုပြင်ထိန်းသိမ်းဖို့ ခရိုအေးရှားနိုင်ငံက အဒ်ရီယာတစ်ခ် ပင်လယ်ထဲက စပလစ်ဆိပ်ကမ်းမှာ မတ် ၂၈ ရက်က ကျောက်ချ ရပ်နားခဲ့ပါတယ်။
အမေရိကန်ရဲ့ အသစ်ဆုံးနဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော ဂျရဒ် အာရ် ဖို့ဒ်ဟာ Operation Epic Fury ကို ပံ့ပိုးဖို့ ပင်လယ်နီထဲမှာ ခုတ်မောင်းနေချိန် မတ် ၁၂ ရက်မှာ အဓိက အဝတ်လျှော်ခန်းထဲမှာ တိုက်ပွဲကြောင့်မဟုတ်တဲ့ မီးလောင်မှုတခု ဖြစ်ခဲ့ပြီး ရေတပ်သား ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရေတပ်သား ၂၀၀ နီးပါးက မီးခိုးငွေ့နဲ့ ဆက်စပ်တဲ့ ပြဿနာတွေအတွက်လည်း ကုသမှု ခံယူခဲ့ရ တယ်လို့ အမေရိကန် အရာရှိတယောက်က အဲဒီအချိန်မှာ ပြောပါတယ်။
မီးလောင်မှုကို ထိန်းချုပ်ဖို့ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အိပ်ရာ ၁၀၀ လောက် ပျက်စီးခဲ့ပါတယ်။
စစ်သင်္ဘောကို ၉ လကြာ တပ်ဖြန့်ချထားခဲ့ပြီး အရှေ့အလယ်ပိုင်းကို မရောက်မီ ကာရစ်ဘီယံ ပင်လယ်ထဲက ဗင်နီဇွဲလားကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။
Source: Reuters










