
စစ်အာဏာရှင်အစိုးရက နိုင်ငံတကာမှာ ဝင်ဆံ့အောင် ကြိုးပမ်းနေချိန်မှာပဲ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်တာတွေကိုလည်း တပြိုင်နက်တည်း ပိုပြီး လုပ်လာနေပါတယ်။
အတုအယောင်ရွေးကောက်ပွဲအပြီး ပေါ်လာတဲ့ စစ်အာဏာရှင်အစိုးရ တက်လာပြီးနောက်မှာ သတင်းမီဒီယာတွေအပေါ် ပိတ်သိမ်းမှုတွေ ပြုလုပ်လာတာဆိုရင် ဧပြီ ၂၄ ရက်ကနေ မေ ၁၁ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း သတင်းဌာန ၆ ခု ရှိလာပါတယ်။
အခုနောက်ဆုံး Red News Agency၊ မြေလတ်အသံ (Myaelatt Athan) နဲ့ Asia Citizens စတဲ့ သတင်းအေဂျင်စီ ၃ ခုကို လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းပြီး လုပ်ငန်းပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
Red News Agency ရဲ့ တာဝန်ခံသတင်းအယ်ဒီတာ ကိုဝင်းဇော်နိုင်က “၂၀၂၁ အာဏာသိမ်းခဲ့တဲ့ လူတွေပဲ ပုံစံပြောင်းလာတယ်။ လူတွေကတော့ ဒီလူတွေပဲပေါ့နော်။ လုပ်ရပ်တွေလည်း မပြောင်းဘူး၊ ဆက်ပြီးတော့ မီဒီယာတွေကို ဖိနှိပ်တယ်ပေါ့။ သူတို့က ဟန်ပြဆိုတဲ့ အတိုင်းပဲပေါ့။ ပါးစပ်က ပြောတဲ့ဟာတမျိုး၊ လုပ်တဲ့ဟာ တမျိုး။ ဒီ မီဒီယာလွတ်လပ်ခွင့်တို့ လူ့အခွင့်အရေးတို့ ဆိုတာ သူတို့ ပေးမှာမဟုတ်ဘူး။ ဒါကတော့ သေချာတယ်ပေါ့။ အစ်ကိုတို့ကတော့ သူတို့ ပိတ်သိမ်းတယ် ဆိုတာက သူတို့ကတော့ သူတို့လုပ်ငန်းစဉ်တိုင်း သူတို့ဘာသာ သူတို့ တောက်လျှောက် ဒါတွေကို လုပ်လာခဲ့တာ။ အစ်ကိုတို့ကလည်း ဒီအတိုင်းပဲ စစ်တပ် အာဏာသိမ်းကတည်းကလိုပေါ့၊ လူထုဘက်က ရပ်ပြီးတော့မှ အစ်ကိုတို့ သတင်းတွေကို တင်ဆက်ခဲ့တယ်။ ဆက်ပြီးတော့လည်း အစ်ကိုတို့ ပြည်သူလူထု မျက်နှာကိုပဲ ကြည့်ပြီးတော့မှ အစ်ကိုတို့ သတင်းတွေ ဆက်ပြီးတော့ တင်ဆက်မယ်” လို့ ပြောပါတယ်။
ဧပြီ ၂၄ ရက်တုန်းကတော့ ပြည်တွင်းအခြေစိုက် သတင်းအေဂျင်စီ ၃ ခုဖြစ်တဲ့ Chin World၊ ခိုနုမ်းသုန် - Khonumthung Media Group နဲ့ မျက်မှောက်ခေတ် - Nowadays News သတင်းအေဂျင်စီတို့ကို လုပ်ငန်းလိုင်စင်ရုပ်သိမ်းပြီး ပိတ်သိမ်းခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ဆန်းစစ်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ မှာ သတင်းလွတ်လပ်ခွင့်ရမှတ်တွေ ကျဆင်းနေပြီး နိုင်ငံရေးဖိအားနဲ့ အာဏာရှင်ဆန်တဲ့ လမ်းစဉ်တွေက သတင်းလွတ်လပ်ခွင့်အတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသမှာ အာဏာရှင်အစိုးရတွေက ဥပဒေကို လက်နက်သဖွယ် အသုံးပြုပြီး သတင်းမီဒီယာတွေကို နှိမ်နင်းနေတာတွေကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ဆိုးရွားတဲ့ အခြေအနေမှာ ပိတ်မိနေခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က “တချို့နိုင်ငံတွေလည်း ပြည်တွင်းစစ် ကာလရှည်ပြီးတော့ Exile မီဒီယာနဲ့ နှစ်ကာလ ဆယ်စုနှစ်ပေါင်းများစွာ ရောက်ခဲ့တဲ့ သာဓကတချို့ ရှိတာပေါ့။ ဆီးရီးယားတို့လို၊ အာဖဂန်တို့လို၊ ဒီနေ့ခေတ်ဆိုရင်တော့ ဆီးရီးယားတို့လိုပေါ့။ ဆိုတော့ မီဒီယာလွတ်လပ်ခွင့်မရှိတာ၊ မီဒီယာဖွံ့ဖြိုးမှုမှာ ဆယ်စုနှစ်တွေနဲ့ချီပြီးတော့ တခါ နောက်ပြန် ဆုတ်သွားတာ၊ အင်စတီကျူးရှင်း အဖွဲ့အစည်းတွေ၊ ဥပဒေတွေ၊ ဥပဒေ ဆိုတာကလည်း ဥပဒေဆိုင်ရာ အာမခံချက်တွေ အဲဒါမျိုးတွေ ပြန်တည်ဆောက်ဖို့ ပိုပြီး နောက်ကျ ဝေးသွားမဲ့ အနေအထားမျိုး ဖြစ်မယ်လို့ ထင်တယ်။ ဒီအနေအထားမျိုးနဲ့ကတော့ မီဒီယာလောက အတွက်ရော သတင်းဖတ်တဲ့ လူထုပရိသတ်အတွက်ရော မကောင်းဘူးလို့ ပြောရမှာပေါ့နော်” လို့ ပြောပါတယ်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်လိုက်တဲ့ ၂၅ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ အဆင့် ၁၆၆ မှာ ရှိနေပြီး သတင်းလွတ်လပ်ခွင့် “အလွန်ဆိုးဝါး” တဲ့ အခြေအနေကို ပြသတဲ့ အနီရောင်အဆင့်မှာ ဆက်လက် သတ်မှတ်ခံထားရပါတယ်။










