DVB Logo
Home
Lead Story
‘ရန်ကုန်ရောက်ရင်ရောက်၊ မရောက်ရင်ကျနော်တို့အားလုံး အဖမ်းခံဒီနှစ်ခုပဲ” ကိုသီဟ၀င်းတင် (ဗကသ)
DVB
·
March 9, 2015
‘ရန်ကုန်ရောက်ရင်ရောက်၊ မရောက်ရင်ကျနော်တို့အားလုံး အဖမ်းခံဒီနှစ်ခုပဲ” ကိုသီဟ၀င်းတင် (ဗကသ)
Donate to DVB

လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံနေရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းရဲ့ အခြေအနေ အကျပ်အတည်းကို မတ်လ ၁၀ ရက် မနက် ၁၀ နာရီ နောက်ဆုံးထား ဖြေရှင်းပေးဖို့ အစိုးရကို သပိတ်မှောက်ကျောင်းသားတွေက တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို အစိုးရက မလိုက်လျောဘူးဆိုရင်ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်ပါသလဲ ဗကသများ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီက ပြောရေးဆိုခွင့်ရှိသူ ကိုသီဟ ၀င်းတင်ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။

လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံနေရတဲ့ အခြေအနေကို မတ်လ ၁၀ ရက် မနက် ၁၀ နာရီ နောက်ဆုံးထား ဖြေရှင်းပေးဖို့ သပိတ်မှောက်ကျောင်းသားတွေက အစိုးရကို တောင်းဆိုထားတာတွေ့ရပါတယ်။ ဘယ်လို ဖြေရှင်းပေးစေချင်တာပါလဲ။

“အဓိကက အချက် ၈ ချက်အပေါ်မူတည်ပြီး ဖြေရှင်းစေချင်တာခင်ဗျ။ ဆွေးနွေးပွဲဆိုတာ ရလဒ်ကောင်းတခုကို သွားမယ်ဆိုတဲ့နည်းကို ကျနော်တို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် ကျနော်တို့ တောက်လျောက်မှာ ဆွေးနွေးပွဲလုပ်တိုင်း အချိန်ဆွဲခြင်းခံရတယ်၊ မရိုးမသားပြုမှု ဆက်ဆံခြင်းခံရတယ်။ ကျနော်တို့ ဒီကိစ္စကို ရည်ရွယ်တယ်ဆိုတာကလည်း ဆရာတော် သံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကော ၁၀ တန်းကျောင်းသားတွေရဲ့ စာမေးပွဲပါ စိတ်အနှောက်အယှက် မဖြစ်စေဖို့အတွက် အမြန်ဆုံး စောင့်ကြည့်သပိတ် အသွင်ပြောင်းဖို့ အတွက် ငြိမ်းချမ်းစွာအဖြေရှာဖို့အတွက်ပါ။ အဓိကပြောချင်တာကတော့ ဒီ ၈ ချက်နဲ့ပတ်သက်ပြီးတော့ ဖြေရှင်းပြီးတော့ ဆွေးနွေးပေးစေချင်တယ်။”

ဒီလိုအရေးပေါ်ကြေညာချက်ထုတ်ပြီး တောင်းဆိုချက်ကို အစိုးရဘက်က တစုံတရာ တုံ့ပြန်တာရှိပါသလား။

“ဒီ ၈ ချက်နဲ့ပတ်သက်ပြီးတော့ ပဲခူးတိုင်း နယ်လုံဝန်ကြီးနဲ့ ၆ ကြိမ်တိတိ ဆွေးနွေးပြီးသွားပြီ၊ ဆွေးနွေးတဲ့အခါမှာ သူ့အနေနဲ့ အထက်ကို တင်ပြမယ် အထက်မှာ ဆွေးနွေးနေတယ်ဆိုတဲ့ အကြောင်းအရာတခုသာပေးပြီးတော့ ကျနော်တို့ကို တောက်လျှောက် ရလဒ်ကို ဘာမှ ပြန်ပေးတာမရှိဘူး။ ခုအရေးပေါ်ကြေညာချက်အပေါ်မှာလည်း  ခုထက်ထိတော့ တုံ့ပြန်လာတာမရှိဘူး။  ဒါပေမယ့် မနေ့ညက ကြေညာချက် ထုတ်ထုတ်ပြီးချင်းမှာ ဟိုးအနောက်ဘက်မှာထားတဲ့ ရဲကားတွေ ရှေ့တိုးလာတာရှိတယ်။ မီးသတ်ကား ၂ စီးက ရှေ့တိုးလာတယ်။ အသင့်ပြင်ထားတယ်။ လုံထိမ်း ၅၀ လောက်က အနောက်ကနေ ကျနော်တို့ကို ထပ်ပိတ်ထားတယ်။ ဒါက ထူးခြားမှု တခုပဲတုံ့ပြန်လာတာကတော့...”

အစိုးရအနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ဖြေရှင်းပေးခြင်းမရှိရင် နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်တဲ့ အကျိုးဆက်ပြဿ   နာတွေဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ပြောချင်တာပါလဲ။  

“အဓိကကတော့ ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့အချိန်မှာ ဆွေးနွေးမှုတခုနဲ့ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းရမယ့် ဒီမိုကရေစီ ကျင့်စဉ်တခုကို အစိုးရက မဖော်ဆောင်ခဲ့လို့ရှိရင် ကျနော်တို့တွေဟာ တိုက်ပွဲအရှိန်ကိုမြှင့်ရမယ်။ တိုက်ပွဲအရှိန်ကိုမြှင့်တဲ့ အနေအထားမှာ နိုင်ငံတကာအမြင်မှာ သူ့အနေနဲ့ ဒီမိုကရေစီ အစိုးရလို့ ကြေညာထားတဲ့ ဥစ္စာအကုန်လုံး ပြုတ်ကျ သွားနိုင်တယ်ဆိုတာ ကျနော်တို့ ပြောချင်တာ။”

ကျောင်းသားသပိတ်ကို အရင်က အခြေခံပညာကျောင်း စာမေးပွဲရက်မှာ ၁၀ ရက် ရပ်နားထားခဲ့ဖူးပါတယ်။ ခုတကြိမ်ကတော့ ဘ၀အတွက် အရေးပါတဲ့ ၁၀ တန်းစာမေးပွဲ ဖြေချိန်ဆိုတော့ ပိုပြီး ရပ်ထားသင့်တယ်လို့ မထင်ဘူးလား။ ဒီလို စာမေးပွဲရက်အတွင်းမှာသပိတ် ခတ္တရပ်ထားဖို့ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။

“၁၀ တန်းစာမေးပွဲနဲ့ပတ်သက်ပြီး ရပ်ထားဖို့ကို ကျနော်တို့အနေနဲ့ ကြိုးစားခဲ့တာဖြစ်တယ်။ ဒါပေမယ့် လျှင်မြန်စွာ ပြီးဆုံးရမယ့် ကိစ္စကို မပြီးဆုံးအောင် အချိန်ဆွဲတာကတော့ အစိုးရပဲဖြစ်တယ်။ အစိုးရအနေနဲ့ အစောကြီးကတည်းက ညှိနှိုင်းစဉ်ကတည်းကသာ သူ့အနေနဲ့ ဖြေရှင်းပေးမယ်ဆိုရင် ကျနော်တို့ ဒီအဆင့်အထိလည်း မရောက်ဘူး။ အဲဒီအတွက်လည်း ကျနော်တို့ ဆုံးဖြတ်ခဲ့တာ တစ်ခုက သေချာပါတယ် ၁၀ တန်းစာမေးပွဲတွေ မထိခိုက်အောင် ကျနော်တို့ အစောဆုံးဖြစ်အောင် အမြန်ဆုံးဖြစ်အောင် ကျနော်တို့ အခု ၁၀ ရက် ၁၀ နာရီဆိုတဲ့ အချိန်ကိုပေးလိုက်တာ ဖြစ်တယ်။ အဲဒီ အနေအထားအတွင်းမှာ ကျနော်တို့ ဒီကိစ္စ အဖြေကတော့ အဖြူအမဲပေါ်လာနိုင်တယ်။ ကျနော်တို့ ရန်ကုန်ရောက်ရင်ရောက်၊ ရန်ကုန် မရောက်ရင် ကျနော်တို့အားလုံး အဖမ်းခံ ဒီနှစ်ခုပဲ အဖြေကပေါ်လာမယ့်အတွက် ၁၀ တန်းစာမေးပွဲတွေ ထိခိုက်စရာ အကြောင်းမရှိပါဘူး။”

နောက်တခု ပင်မသပိတ်စစ်ကြောင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးလို့ နားလည်ထားပါတယ်။  ရန်ကုန်ကို ချီတက်ရေးကိစ္စ ခု အကျပ်အတည်းပေါ်နေပါတယ်။ အဲဒီအခြေအနေမှာ ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်က ရန်ကုန်ကို ချီတက်ရေးလား ဒါမှမဟုတ် ဥပဒေပြင်ရေးလားဆိုတဲ့ မေးခွန်းထုတ်မှုတွေကို ဘယ်လိုဖြေချင်ပါသလဲ။

“အဓိကက ကျနော်တို့အနေနဲ့ ရန်ကုန်ကို ချီတက်ရေးဆိုတဲ့ကိစ္စက ရန်ကုန်ကို သွားတယ်ဆိုတာက ကျနော်တို့ရှေ့မှာ စောင့်နေတဲ့ ပြည်သူတွေအကုန်လုံးကို ကျနော်တို့အနေနဲ့ ဒီအတိုင်းကြီးပစ်ထားပြီးတော့ ဒီကနေ လှည့်ပြန်သွားလို့မရဘူးဗျ။ ပြည်သူတွေကို အနည်းဆုံး ကျေးဇူးတင် စကားတော့ပြောရမယ်။ နောက်တစ်ချက်က ကျနော်တို့မှာ နယ်စုံကပါတဲ့ ကျောင်းသားတွေဖြစ်တဲ့အတွက် ရန်ကုန်ကနေသာ လမ်းခွဲပြီးပြန်ဖို့ အဆင်ပြေမယ်၊ ဒီလမ်းတ၀က်တပျက်မှာ ပြန်ဖို့ပြုဖို့က ဘယ်လိုမှ အဆင်မပြေဘူး၊ အဲဒီရည်ရွယ်ချက်အတွက် ကျနော်တို့ ဒီလိုလုပ်ရတာဖြစ်တယ်။ တကယ့် တကယ်တမ်း ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ အမျိုးသားပညာရေး ဥပဒေမူကြမ်းပဲဗျ။”

ခုချိန်မှာ ဒီကိစ္စ လွှတ်တော်က သူ့ရဲ့လုပ်ငန်းစဉ်အရ သူလုပ်နိုင်တဲ့ ဘောင်အတွင်းက ပုံမှန်  လုပ်နေဆဲဖြစ်ပါတယ်။ ဆိုလိုတာက ရပ်ဆိုင်းမထားပါဘူး။ ကြားနာပွဲတွေ လုပ်နေတယ်။ ဒီလိုအခြေအနေမှာ ကျောင်းသားတွေနဲ့ အန်အန်အီးအာ ပညာရေးကွန်ရက်တို့က  လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ပဲ နေနေတာဟာ မှန်တယ်လို့ ထင်ပါသလား။

“ကျနော်တို့ကို အဲလိုထင်တယ်ဆိုရင် ကျနော်တို့ကို ပိတ်ဆို့ထားတာတွေ ဖယ်ပေးမှရမယ်ဗျ။ ကျနော်တို့ကို ချောင်ပိတ်ရိုက်ပြီးမှာ ဒီလွှတ်တော်ကြားနာပွဲ တက်ပါလို့ ပြောတဲ့ကိစ္စမှာ ကျနော်တို့အနေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးခင်ဗျ၊ ပိတ်ဆို့ထားပြီးတော့ပေါ့ဗျာ။ အဓိက ကတော့ အစိုးရရဲ့စေတနာမှန်မမှန် အပေါ်ပဲမူတည်တယ်။ ကျောင်းသားတွေပူးပေါင်းပါဝင်ဖို့ စေတနာမှန်စွာနဲ့ လမ်းဖွင့်ပေးဖို့လိုတယ်။ စေတနာမှန်စွာနဲ့ ကမ်းလှမ်းဖို့လိုတယ်။ စေတနာ မှန်မယ်ဆိုရင်  ကျနော်တို့ အနေနဲ့က အမြဲတမ်း ဆွေးနွေးပွဲလမ်းကြောင်းကို ဖွင့်ပေးထားသလို ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့က အဆင်သင့်ရှိပြီးသားပါ။”

ကျောင်းသားတွေကို  ရန်ကုန်ကိုမလာစေချင်တဲ့ အဓိက အကြောင်းရင်းက ရန်ကုန်ရောက်ရင် ကျောင်းသားနဲ့  အလုပ်သမားဆန္ဒပြပွဲပေါင်းသွားပြီး အင်အားကြီးမားတဲ့ ရောင်စုံသပိတ်လိုမျိုး တွေ ဖြစ်မလာအောင် အစိုးရက စိုးရိမ်ပူပန်မှုတွေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။ ဒီစိုးရိမ်ချက်တွေ အတိုင်းဖြစ်လာမယ် ထင်ပါသလား။ ဘယ်လိုမြင်ပါသလဲ။

“အစိုးရအနေနဲ့ သူ့အနေနဲ့ မှန်ကန်စွာ ပြုမူဆက်ဆံ အုပ်ချုပ်မယ်ဆိုရင် ဒီစိုးရိမ်စရာတွေ မလိုဘူးလို့ ကျနော်ပြောချင်တယ်။”

နောက်ဆုံးမေးချင်တာက ဘယ်လိုအခြေအနေမျိုးကျမှ ကျောင်းသားတွေက သပိတ်ကိုလုံးဝ ရပ်နားမှာပါလဲ။
“ကျနော်တို့လိုချင်တဲ့ ဥပဒေမူကြမ်းက အတည်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီကျောင်းသားသပိတ်က ရပ်နားသွားမယ်ဆိုတာ ကတိပေးလို့ရတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013