DVB Logo
Home
မြန်မာသတင်း
ထိုင်သပိတ်ဆင်နွဲနေသည့် ကျောင်းသားများ ကျန်းမာရေးထိခိုက်
DVB
·
March 8, 2015
ထိုင်သပိတ်ဆင်နွဲနေသည့် ကျောင်းသားများ ကျန်းမာရေးထိခိုက်
1 / 5
Donate to DVB

လက်ပံတန်းမြို့ ကျွန်းကလေးအနောက်ဘက်လမ်းမှာ ရဲတပ်ဖွဲ့ရဲ့ တားဆီးပိတ်ဆို့ခံထားရလို့ ရက်ရှည် ထိုင်သပိတ် ဆင်နွှဲနေတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနေပါတယ်။

ရာသီဥတုပူပြင်းလာသလို နေရာအပြောင်းအလဲတွေကြောင့်လည်း ဖျားနာတဲ့ ကျောင်းသားတွေ ရှိနေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)ပြောပါတယ်။

ဗကသကများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီက ကိုမင်းသွေးသစ်က "ကျောင်းသားတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေရှိနေပါတယ်။ ရာသီဥတုက နေ့ဘက်မှာ အရမ်းပူတယ်။ ကျောင်းသားတွေက တနေကုန် နေပူထဲမှာ ထိုင်ရတယ်။ ညဘက်ကြတော့လည်း ဒီကတ္တရာလမ်းပေါ်မှာပဲအိပ်တော့ ကတ္တရာက အပူတွေပြန်တယ်။ ရာသီဥတုက ညဘက်ကျရင် နှင်းတွေကျတော့ အခုကျောင်းသားကျောင်းသူတွေ အဆုတ်အအေးပတ်ပြီး ချောင်းဆိုးတာတို့ဖျားတာတို့ ဖြစ်တာ ၁၀ယောက်လောက်ရှိပြီ။ မိန်းကလေးတွေဆို အားနည်းတဲ့အတွက် ဆေးသွင်းရတာမျိုးတွေရှိတယ်”လို့ ပြောပါတယ်။

လက်ရှိကျောင်းသားကျောင်းသူတွေရဲ့ ကျန်းမားရေးအတွက် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ဆေးဝါးပစ္စည်းတွေပါဝင်တဲ့ လူနာတင်ကား ၂ စီးနဲ့လာရောက်ကူညီနေပါတယ်။

လက်ပံတန်းမြို့က ဒေသခံဆရာဝန်တွေကလည်း နေ့စဉ် အလှည့်ကျ စေတနာနဲ့ လာရောက် ဆေးကုသ ပေးနေပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)က ကိုဝေယျာအောင်မြင့်က ''အခုကျောင်းသားကျောင်းသူတွေ ရဲ့ ကျန်းမာရေး အခြေအနေက ရေဓာတ်ဆုံးရှုံးမှု အများဆုံးဖြစ်နေပါတယ်။ အခုရာသီဥတုက နေ့ပိုင်းမှာ အရမ်းပူနေတော့ တော်တော်များများက ရေဓာတ်ဆုံးရှုံးပြီး သွေးပေါင်ကျတာတို့ မူးတာတို့ဖြစ်ကြ တာများတယ်”လို့ ပြောပါတယ်။

ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ်ထဲက ကျောင်းသားတွေက အစပိုင်းမှာ အစာငတ်ခံဆန္ဒပြခဲ့ကြပေမယ့် ရာသီဥတု အရမ်းပူပြင်းပြီး မူးမေ့သွားတာမျိုးတွေရှိတဲ့အတွက် ကျောင်းသားတွေရဲ့ ရေရှည်ကျန်းမာရေး ထိခိုက်မှာစိုးရိမ်တဲ့အတွက် မတ် ၅ ရက်ကစတင် အစာငတ်ခံဆန္ဒပြမှုကို ရပ်တန့်လိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က မဖြိုးဖြိုးအာင်က ပြောပါတယ်။

မတ် ၃ ရက်ကစတင်လို့ ရဲတပ်ဖွဲ့ရဲ့ ၀န်းရံ ပိတ်ဆို့ခံထားရတဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း က ကျောင်းသားကျောင်းသူတွေ စောင့်ရှောက်ပေးနေတဲ့ သံဃာတော်တွေနဲ့ ထိုင်သပိတ်ဆင်နွှဲနေတာ ၆ ရက်မြောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီကနေ့မှာ ရှမ်းကယားကျောင်းသားသပိတ်စစ်ကြောင်းဟာ လက်ပံတန်းကို ရောက်လာပြီး ပင်မသပိတ် စစ်ကြောင်းနဲ့ ပူးပေါင်းလိုက်ပါတယ်။

အရင်က လမ်းလျှောက်ချီတက်ဖို့ စီစဉ်ထားပေမယ့် လမ်းခရီးအတားအဆီးတွေကြောင့် ကားနဲ့သွားရောက်ကာ ပူးပါင်းလိုက်တာလို့ ရှမ်းကယားကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်သူ ကိုစောရန်နိုင်က ဒီဗွီဘီ ကိုပြောပါ တယ်။

ဒါအပြင် ဒီသပိတ်စစ်ကြောင်းကို ၀န်းရံထားတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း အပြောင်းအလဲ လုပ်ဆောင်ခဲ့ သလို ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ဝန်းရံထားတဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးကို အခုရက်ပိုင်းအတွင်း ပိုမိုတင်းကြပ်ဆောင်ရွက် လာတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။

[gallery ids="84760,84759,84761,84757,84758"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013