DVB Logo
Home
Lead Story
ကျောင်းသားအကြမ်းဖက်ခံရမှု မဖြစ်မနေ တာဝန်ယူရမည့် အာဏာရပါတီ
DVB
·
March 8, 2015
ကျောင်းသားအကြမ်းဖက်ခံရမှု မဖြစ်မနေ တာဝန်ယူရမည့် အာဏာရပါတီ
1 / 3
Donate to DVB

အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ငြိမ်းချမ်းစွာဆန္ဒပြသူများကို လက်ပတ်နီဝတ် အရပ်သားများအား အသုံးပြုလျက်၊ အကြမ်းဖက်ထိပ်တိုက်တွေ့မှုများနှင့်ပတ်သက်၍ မဖြစ်မနေ တာဝန်ယူရမည်ဖြစ်သည်။ အာဏာရပါတီဖြစ်သည့်အလျောက် အစိုးရ၏လုပ်ရပ်များနှင့်ပတ်သက်ပြီး၊ ပြည်ခိုင်ဖြိုးပါတီသည် အမွေရရှိမည်သာဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်အမှတ် (၇/၂၀၁၅) ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန် ကြေညာချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရေးတို့အတွက် အစဉ်သဖြင့် တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံတော်အတွင်း အကြောင်းကြောင်းနှင့် အခြေအနေအရပ်ရပ်အရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါက မျက်နှာစုံညီညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နေသော ပါတီဖြစ်သည်ဟု ဖော်ပြထားသည်။

DSC_9151ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အာဏာရပါတီဖြစ်ပြီး၊ ပြည်ထောင်စုလွှတ် တော်တွင် အများစုပါတီလည်းဖြစ်သည်။ သို့သော် သဘောထားကွဲလွဲမှုများတွင် မျက်နှာစုံညီညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နိုင်မှုအပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။ ပါတီဥက္ကဋ္ဌဟောင်း သမ္မတဦး သိန်းစိန်သည် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လေးလေးလံလံတုံ့ပြန်နေဆဲဖြစ်သည်။ လေးဦးဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် ခြောက်ဦးဆိုင်တွေ့ဆုံဆွေးနွေးရေးတို့ကို သမ္မတသည် မျက်ကွယ်ပြုထားဆဲ ဖြစ်သည်။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတွက် ငြိမ်းချမ်း စွာ ပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း နှင့် မိမိတို့ပါတီအနေဖြင့် အင်အားသုံး ဖြေရှင်းဆောင်ရွက်မှုများကို မထောက်ခံပါကြောင်း၊ လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များ အပါအ၀င် မည်သည့်ဖြစ်စဉ်များမဆို မိမိတို့ပါတီအနေဖြင့် အင်အားသုံး ပါဝင်ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပါတီအဆင့်ဆင့်များသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်စွဲပါ စာအမှတ်၊ ၁/ပြည်ခိုင်ဖြိုး/၂၀၁၅(၀၂၉) ဖြင့် ပါတီဌာနချုပ်မှ ညွှန်ကြားထားပြီးဖြစ်ပါကြောင်းတို့ကို ပြည်ခိုင်ဖြိုးပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ငြိမ်းချမ်းစွာပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်ကိုင်ပြုသည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့လင့်ကစား၊ ပကတိအနေအထားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်ပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးသည် အလှမ်းဝေး သထက် ဝေးနေဆဲဟု သုံးသပ်နိုင်သည်။

သမ္မတ၊ ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများအပါအ၀င် အစိုးရနှင့်လွှတ် တော်အကြီးအကဲများ အားလုံးသည် ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ်သည် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဥက္ကဋ္ဌဖြစ်သည်။ ခြေလျင်သပိတ်မှောက် ကျောင်းသားများအား ပိတ်ဆို့တားဆီးထားသော ပဲခူးတိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ်သည်လည်း ပြည်ခိုင်ဖြိုးပါတီပဲခူးတိုင်း ဥက္ကဋ္ဌ ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ကြေညာချက်သည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် သပိတ်မှောက်ကျောင်းသားများအား အင်အားသုံးပိတ်ဆို့ထားခြင်း၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့ သပိတ်မှောက်ကျောင်းသားများအား အင်အားသုံးအကြမ်းဖက်လူစုခွဲခြင်းတို့နှင့် လားရာဆန့်ကျင်နေသည်။

ပါတီဌာနချုပ်၏ညွှန်ကြားချက်ကို တိုင်းဒေသကြီးပါတီများက လိုက်နာမှုအားနည်းခြင်းဖြစ်နိုင် သကဲ့သို့၊ ကြေညာချက်တမျိုးထုတ်၊ လုပ်တော့တမျိုး လုပ်ခြင်းလည်း ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ် နိုင်သည်။ အပြောနှင့်အလုပ် မကိုက်ညီမှုများ၊ ပြဒါးတလမ်း၊ သံတလမ်းဖြစ်ခဲ့မှုများသည် ဗရပွနှင့်ဖြစ် သည်ဟု မှတ်ချက်ပြုနိုင်သည်။

နိုင်ငံတော်အတွင်း အကြောင်းကြောင်းနှင့် အခြေအနေအရပ်ရပ်အရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါက မျက်နှာစုံညီညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နေသော ပါတီဖြစ်သည်ဟူသော ပြည်ခိုင်ဖြိုးပါတီ၏ထုတ်ပြန်ချက်သည် လက်ပံတန်းမြို့နှင့် ရန်ကုန်မြို့တို့တွင် အစိုးရနှင့်အာဏာပိုင် များအနေဖြင့်၊ သပိတ်မှောက်ကျောင်းသားများအပေါ် ဆက်ဆံပုံများ၊ တုံ့ပြန်ပုံများနှင့်ဆက်စပ်စဉ်းစား လျှင် လွှဲမှားနေသည်ဟုပင် ကောက်ချက်ပြုရမည်ဖြစ်သည်။

DSC_9165 copyထုတ်ပြန်ကြေညာချက်နိဂုံးပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီအရေးတို့ကို ရှေးရှု၍ ပြဿနာများ ပေါ် ပေါက်လာပါက တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး၊ ပူးပေါင်းဆောင်ရွက်ရေးကို မဖြစ်မနေ လုပ်ဆောင်ကြပါရန် တိုက်တွန်းပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ပါရှိသည်။

ပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌဟောင်း သမ္မတဦးသိန်းစိန်၊ လက်ရှိဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ပါတီအတွင်းရေးမှူး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌများဖြစ်သော တိုင်းဒေသကြီးဝန်ကြီးချုပ်များအနေဖြင့်၊ တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ရေးကို မဖြစ်မနေ လုပ်ဆောင်ကြပါရန် ပါတီကကြေညာချက် ထုတ်ပြန်တိုက်တွန်းမှုကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေဆဲ၊ အားလျော့နေဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။

၂၀၁၅ ခုနှစ် မတ်လတွင် လက်ပတ်နီဝတ်အရပ်သားများ (စွမ်းအားရှင်များ) ကို သပိတ်မှောက် ကျောင်းသားများနှင့် တကျော့ပြန်ထိပ်တိုက်ရင်ဆိုင်စေခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်းဖြစ်စဉ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်ဖြစ်စဉ်တို့နှင့် တထပ်တည်းဖြစ်နေသည့်အလျောက် အစိုးရ၊ လွှတ်တော်များနှင့် အာဏာရပြည်ခိုင်ဖြိုးပါတီတို့အနေဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုကို တရားဝင်အသိပေးရှင်းလင်း နိုင်ရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပါကြောင်း နှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စွမ်းအားရှင်များအသုံးပြု လျက် အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်ခြင်း ထပ်မံမဖြစ်ပေါ်စေရေး အာမခံရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013