DVB Logo
Home
Lead Story
လူထုကို လူထုနဲ့ပြန်လည်ဖြိုခွင်းတဲ့ စွမ်းအားရှင်နည်းဗျူဟာ
DVB
·
March 7, 2015
လူထုကို လူထုနဲ့ပြန်လည်ဖြိုခွင်းတဲ့ စွမ်းအားရှင်နည်းဗျူဟာ
1 / 4
Donate to DVB

စစ်အာဏာရှင်နအဖလက်ထက်က လက်စောင်းထက်ခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ပတ်သတ်ပြီး ပြည့်ပြည့်စုံစံမဟုတ်ပေမယ့် တိတိကျကျရှိတဲ့ ဆောင်းပါးတပုဒ်ကို ကျနော်ရေးခဲ့ဖူးတယ်။ နောင်မယ် ကျနော့် စာတိုပေစတွေကို စုစည်းပြီး စာအုပ်ထုတ်ဖြစ်တဲ့အချိန်မှာ ထိုစာအုပ်ရဲ့နာမည်ကိုလည်း ဘာလဲဟဲ့ စွမ်းအားရှင် ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ဘာကြောင့် ကျနော့်စာအုပ်မှာ လူမုန်းများတဲ့ ဒီနာမည်ကိုပေးဖြစ်ရလဲဆိုရင် ကျနော့်မှာ အကြောင်းနှစ်ခုရှိပါတယ်။

d11စွမ်းအားရှင်ဆိုတဲ့ နာမည်ကို ပြည်သူတွေက မုန်းတီးကြတယ်။ ဒါပေမယ့် စွမ်းအားရှင်ဆိုတာ ဘယ်သူတွေလဲ ဆိုတာမှာတော့ ဝေေ၀၀ါးဝါးဖြစ်ကြတယ်။ ရင်းနှီးသူတချို့ကတော့ စွမ်းအားရှင်ထဲမှာ သူတို့အနေနီး ရပ်ကွက်ထဲက ဒီလူ ဒီလူတွေ ပါတယ်ဆိုတာ သိတယ်။ သို့ပေမယ့် ထိုစဉ် စစ်အာဏာရှင်ကိုယ်တိုင်က အလေးပေး၊ တည်ထောင်ထားတဲ့ စွမ်းအားရှင်တွေနဲ့ပတ်သက်ပြီး အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်သိဖို့ရာခက်ခဲမယ်။ ထို့အတွက်ကြောင့် ရန်ကုန်တိုင်းတတိုင်းလုံးက စွမ်းအားရှင်စာရင်း ထောင်ချီရှိတဲ့အနက် ခေါင်းဆောင်အချို့ရဲ့စာရင်းကို ဖော်ပြပေးခဲ့ပါတယ်။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်ကတော့ စွမ်းအားရှင်ဆိုသူတွေရဲ့ ဘ၀ကို စာနာလို့ပါပဲ။ ဘာကြောင့် စွမ်းအားရှင်လူမိုက်တွေ ဖြစ်လာလဲလို့ အကြမ်းဖျင်း ပြောရရင် နှစ်ခုပဲ ရှိပါမယ်။ တခုက ငတ်လို့၊ ငွေရေးကြေးရေးရှာရခက်လို့၊ ပိုက်ဆံအလွယ်ရချင်လို့၊ နောက်တခုက အာဏာရှင်ကို မလွန်ဆန်ရဲတဲ့လူတွေပါ။ ဒီတော့ ဒီလူတွေကို ဒီဘ၀၊ ဒီနေရာ လူမုန်းများ၊ အများရဲ့ မေတ္တာတွေ စူးရှနေတဲ့နေရာကနေ ရုန်းထွက်နိုင်ပါစေတော့လို့ အသိပေးချင်တဲ့ စိတ်သဘောက ဒုတိယမ္ပိဆန္ဒပဲဖြစ်ပါတယ်။

d12၂၀၁၁ နောက်ပိုင်းမယ် အာဏာပိုင်တွေကတော့ ဒီခေတ်မှာ စွမ်းအားရှင်ဆိုတာမရှိပါဘူးလို့ ဖင်ပိတ်ငြင်းဆိုကြလေရဲ့။ ဒါကတော့ သူတို့မှာ ငြင်းရမည့် တာဝန်ဝတ္တရားရှိနေလို့ ဘူးခံငြင်းနေတယ်လို့ပဲ မြင်မိပါတယ်။ ဒီတော့ကား သူတို့မှာလည်း ၀တ္တရားရှိတဲ့အတိုင်း မုသာဝါဒ သုံးကြပါ။ ကျနော်တို့ကတော့ မြင်တဲ့အတိုင်း ပြောရမှာပဲလို့ သူ့တာဝန် ကိုယ့်တာဝန်ခွဲလိုက်ပါတယ်။ ဒီတော့ ကိုယ့်မှာ တာဝန်ရှိတဲ့အတိုင်း ဆက်ပြောကြစို့။

“ဘယ်လိုအခြေအနေမျိုးမှာ လက်မရွံ့စွမ်းအားရှင်တွေကို ထုတ်သုံးလာမလဲဆိုတာကတော့ အစိုးရရဲ့ဒီမိုကရေစီကျင့်စဉ် လက်ခံနိုင်မှု ဘယ်လောက်ပြောင်းလဲလာသလဲဆိုတာကို တိုင်းတာဖို့ ပေတံတွေထဲက တခုဖြစ်နိုင်ပါတယ်။ လူထုလှုပ်ရှားမှုတွေ၊ အခွင့်အရေးတောင်းဆိုမှုတွေ ဘယ်အတိုင်းတာအထိ ရေချိန်တက်လာရင် ထုတ်သုံးမှာလဲ။ ဒါက စိတ်ဝင်စားစရာ ကိစ္စပါ” လို့ ကျနော်ရေးခဲ့ဖူးတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း အရှိန်အဟုန်နဲ့ နေရာအနှံ့ကျယ်ပြန့်လာတဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုပွဲတွေ၊ လယ်သမားတွေရဲ့ လယ်ယာမြေတိုက်ပွဲတွေ၊ မြေသိမ်းခံပြည်သူတွေရဲ့ မြေပြန်လည်ရရှိရေး သပိတ်တွေမှာ နအဖအစိုးရဆီက အမွေရထားခဲ့တဲ့ စွမ်းအားရှင်တွေကို ဖြည်းဖြည်းချင်းထုတ်သုံးလာတာကို တွေ့ရပါတယ်။ မိချောင်းကန်သပိတ်စခန်းကို ဖြိုခွဲတော့ တပ်မြို့စည်ပင်တံဆိပ်အကာအကွယ်ယူထားတဲ့ တုတ်ကိုင်လူမိုက်စွမ်းအားရှင်တွေကို မြင်ခဲ့ရတယ်။ ယခုကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ ဆန္ဒထုတ်ဖော်သူတွေကို ဖြိုခွင်းရာမှာတော့ တာဝန်လက်ပတ်နီနဲ့ လူမိုက်တွေကို မြင်တွေ့ရပါတယ်။

နအဖခေတ်တုန်းကတော့ စွမ်းအားရှင်တွေကို သာမာန်ပုံစံနဲ့ပဲ ဆန္ဒပြပြည်သူတွေကြားမှာ ရောနှောထားတယ်။ အခွင့်သာရင် တန်ပြန်သပိတ်အဖျက်လုပ်ငန်းတွေလုပ်တယ်။ ဒိုင်နာကားတွေနဲ့ အသင့်တင်ထားတဲ့ စွမ်းအားရှင်တွေကိုလည်း ဘေးမှာ ရံထားတယ်။ အခြေအနေပေးရင် အာဏာပိုင်၊ အတွင်းကစွမ်းအားရှင်ဒလံတွေနဲ့ပေါင်းပြီး ခေါင်းဆောင်တွေကို ၀င်ဆွဲတယ်။ ဖမ်းတယ်။ နအဖအနေနဲ့လည်း ဆူပူမှုကို မလိုလားသောပြည်သူတွေရယ်လို့ ခေါင်းစဉ်တပ် ၀ါဒဖြန့်နိုင်ခဲ့တယ်။ ခုလက်ရှိ စွမ်းအားရှင်တွေရဲ့အသွင်ကတော့ အာဏာပိုင်တွေရဲ့ တံဆိပ်၊ ယူနီဖောင်း၊ လက်ပတ် အကာအကွယ်တွေနဲ့ ဗြောင်လှုပ်ရှားလာတဲ့သဘောရှိတယ်။  နအဖခေတ်ကထက်တောင် အတင့်ရဲရဲနဲ့ လက်ရဲဇက်ရဲ ပိုဖြစ်လာတယ် ပြောရမယ်။

d9လူထုကို လူထုနဲ့ပြန်လည်ဖြိုခွင်းတဲ့ စွမ်းအားရှင်နည်းဗျူဟာက သိပ်အဆန်းတကြယ်နည်းလမ်းတော့ မဟုတ်ပါဘူး။ ဟစ်တလာလက်ထက်တုန်းကလည်း မိုက်သွေးကြွနေတဲ့ ရှပ်ညိုလူငယ်တပ်ဖွဲ့နဲ့ ပြည်သူတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ အာဏာရှင်တွေအတွက် အင်မတန်အသုံးတည့်တဲ့ လက်ကိုင်တုတ်လူမိုက်အဖွဲ့အစည်းပေါ့။ နအဖခေတ်တုန်းကလည်း ဒီလိုလူမိုက်တွေ အသုံးတည့်တာကို သိတဲ့အတွက် စနစ်တကျစုဖွဲ့ပြီး ကောင်းကောင်းအသုံးချခဲ့တယ်။ ပြောရရင် မီဒီယာကို မီဒီယာနဲ့တိုက်၊ ပြည်သူကို ပြည်သူနဲ့တိုက်ဆိုတဲ့ အာဏာရှင်တွေရဲ့ ယုတ်မာတဲ့နည်းလမ်းတစ်ခုပါပဲ။ အာဏာရှင်ဆိုတာကတော့ သူ့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မှာပဲမို့ မပြောလိုတော့ဘူး။ သို့သော် လက်ရှိမှာ ပြုပြင်ပြောင်းလဲရေးကို လိုလားပါတယ်၊ ဒီမိုကရေစီစနစ်ကို လိုလားပါတယ်ဆိုတဲ့ အစိုးရတစ်ခုအနေနဲ့ အာဏာရှင်စနစ်ရဲ့နည်းလမ်းတွေကို ထုတ်သုံးလာတာကတော့ မဖြစ်သင့်တဲ့ကိစ္စပါ။

သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူတaယာက်ကတော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၂၇/၁၂၈)အရ ဒီလိုအရပ်သားတွေကို ခေါ်ယူသုံးစွဲပိုင်ခွင့်ရှိပါတယ်ဆိုပြီး ချေပလေရဲ့။ အာဏာပိုင်တွေနဲ့အနေနဲ့ ဥပဒေအရဆောင်ရွက်ပါတယ်ဆိုပြီး ပုဒ်ထီး၊ ပုဒ်မတွေကို လွှဲချအကာအကွယ်ယူပေမဲ့ စဉ်းစားစရာတွေ ရှိပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၂၇) အရ “တရားဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတစုံတရာကို - သို့မဟုတ်- အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန် ရှိသော” ဆိုပြီး ညွှန်းဆိုချက်ပါရှိပါတယ်။

တမြန်နေ့ မြို့တော်ခန်းမရှေ့မှာ စုရုံးခဲ့တဲ့ ကျောင်းသားကျောင်းသူလူငယ်တွေ၊ ပြည်သူတွေဟာ အများပြည်သူလူထုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ဖို့ အကြမ်းဖက်ဖို့ မဟုတ်ကြပါ။ မီးရှို့လုယက်ဖို့လည်း မဟုတ်ကြပါ။ သူတို့ရဲ့လိုလားချက်ကို ငြိမ်းချမ်းစွာဖော်ထုတ်ပြီး လူစုခွဲကြမယ့် လူစုလူဝေးသာဖြစ်ပါတယ်။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းလာစုဝေးတဲ့ လူစုလူဝေးကို ပုဒ်ထီး၊ ပုဒ်မတွေနဲ့ ကိုင်ပေါက် အကြမ်းဖက်နှိမ်နင်းတာကတော့ တရားဥပဒေကို လိုရာဆွဲသုံး၊ မလေးစားရာကျပါတယ်။ ဒီလူစုလူဝေးကို ကိုင်တွယ်ရာမှာလည်း စနစ်တကျလေ့ကျင့်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိန်းထိန်းသိမ်းသိမ်းမပြုပဲ နေ့ခစား အရပ်သား လူမိုက်စွမ်းအားရှင်တွေကို တာဝန်ပေး ဖြိုခွင်းခိုင်းတာဟာလည်း မလုပ်သင့်တဲ့လုပ်ရပ်ပါ။ ဆန္ဒဖော်ထုတ်သူတွေကို ဥပဒေအရကျောထောက်နောက်ခံပြုထားတဲ့ လူမိုက်တွေက ၀င်ရိုက်သလိုပါပဲ။

နောက်ထပ် စဉ်းစားစရာတခုကတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ကျောင်းသားတွေ ပြည်သူတွေကို ဥပဒေပုဒ်မတွေ၊ ဥပဒေအရဆင့်ခေါ်တဲ့ စွမ်းအားရှင်တွေနဲ့ နှိမ်န်င်းခဲ့တယ်။ သို့ပေမယ့် မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မန္တလေးပဋိပက္ခအတွင်း ဓားကိုင်တုတ်ကိုင် ဆူပူသောင်းကျန်းနေတဲ့ လူစုလူဝေးကြီး ရုတ်တရက်ပေါ်လာခဲ့ဖူးတာ မှတ်မိကြပါဦးမယ်။ အကြမ်းဖက်လုပ်ငန်းတွေကို တကယ်လုပ်ကိုင်ခဲ့တဲ့ လူစုလူဝေးကြီးဖြစ်ပြီး သတ်ကြဖြတ်ကြ မီးရှို့ကြဖို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။ ထိုအချိန်တုန်းက ပုဒ်မ(၁၂၇)တွေ၊ ဥပဒေအရဆင့်ခေါ်တဲ့ စေတနာ့ဝန်ထမ်း ရဲရဲတောက်စွမ်းအားရှင်ကြီးများက ဘယ်နားရောက်နေပါလိမ့်။ ဘာလို့များ ၀င်ပြီး မထိန်းသိမ်းခဲ့ကြပါလိမ့်လို့ တွေးမိတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013