
ကရင်နီပြည်နယ်မှာ ဇွန်လ တလတာအတွင်း စစ်အာဏာရှင်တပ်ကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင် ပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
PKPF တာဝန်ရှိသူက “အထူးသဖြင့် စစ်ကောင်စီရဲ့ အသေခံဒရုန်းတွေကြောင့်လည်း ပါတယ်။ လေကြောင်းကနေ ဗုံးကြဲမှုကြောင့်လည်း ပါတယ်။ ဇွန်လထဲမှာ အဓိကတော့ ဒီးမော့ဆိုမြို့နယ်မှာ သေဆုံးရတာ များတာပေါ့” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်ထဲက ဖရူဆိုမြို့နယ်၊ ဒီးမောဆိုမြို့နယ်၊ နန်းမယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်တွေကို စစ်အာဏာရှင်တပ်ဘက်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာလုပ်နေပြီး တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကိုလည်း ဗုံးကြဲတာတွေ ရှိတယ်လို့ သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့အချိန်ကနေ ဒီနေ့အထိ ကရင်နီနဲ့ ကယန်းဒေသမှာ လေကြောင်းတိုက်ခိုက်မှု ၂,၁၄၉ ကြိမ် ရှိခဲ့ပြီး စစ်ဘေးရှောင်နဲ့ ဒေသခံ ပြည်သူ ၈၇၈ ယောက် သေဆုံးခဲ့တဲ့အပြင် နေအိမ်ပေါင်း ၃,၄၀၅ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဘာသာရေးအဆောက်အအုံ ၆၇ ခု၊ စာသင်ကျောင်း ၃၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၉ ခုတို့လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











