DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်မှ ရခိုင်သို့ စက်သုံးဆီ ရောင်းချတင်သွင်းခွင့် ၂ လပိတ်ပင်
DVB
·
March 26, 2026
မီဇိုရမ်မှ ရခိုင်သို့ စက်သုံးဆီ ရောင်းချတင်သွင်းခွင့် ၂ လပိတ်ပင်
1 / 16
Photo: DVB
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီးသီးကနေ ရခိုင်ပြည်နယ်ကို စက်သုံးဆီတင်သွင်းမှု ၂ လ ပိတ်ပင်လိုက်တယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တွေက ပြောပါတယ်။

မတ် ၂၀ ရက်က စပြီး ရခိုင်ကုန်သည်တွေ အဓိက စက်သုံးဆီ ဝယ်ယူနေကြတဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ဆိုင်းဟာနဲ့ လုံးလေ ခရိုင်အတွင်းက မြန်မာနိုင်ငံဘက်ကို ခွင့်ပြုချက်မဲ့ စက်သုံးဆီ ရောင်းချမှုနဲ့ သယ်ယူမှုတွေကို ၂ လ ပိတ်ပင်လိုက်ပြီး လိုက်နာမှုမရှိပါက ၂၀၂၃ ခုနှစ်က အတည်ပြုထားတဲ့ BNSS ပုဒ်မ ၁၆၃ အရ အရေးယူသွားမယ်လို့လည်း ခရိုင်တရားရုံးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လက်မှတ်ထိုးပြီး အမိန့်စာ ထုတ်ပြန်ထားပါတယ်။

အရှေ့အလယ်ပိုင်းမှာ အီရန်-အမေရိကန် စစ်ပွဲဖြစ်ပွားပြီးနောက် တကမ္ဘာလုံး စက်သုံးဆီ ပြတ်လပ်မှုရင်ဆိုင်နေကြရလို့ မီဇိုရမ်ပြည်နယ်က ခရိုင်တွေမှာလည်း စက်သုံးဆီပြတ်တောက်မှု မရှိစေဖို့အတွက် ပြည်ပနိုင်ငံတွေကို စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုနဲ့ တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးဖို့ရည်ရွယ်ပြီး ထုတ်ပြန်လိုက်တာလို့ တရားရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု အမိန့်ထုတ်ပြန်ချက်တွေဟာ မတ် ၂၀ ရက်မှ ၂၀ ရက်အထိ အကျုံးဝင်ပြီး ခရိုင်အတွင်း စက်သုံးဆီ သိုလောင်ခွင့်မရှိတဲ့သူတွေ အနေနဲ့လည်း ဓာတ်ဆီ လီတာ ၅၀၀ နဲ့ ရေနံဆီ လီတာ ၁,၀၀၀ ထက်ပိုပြီး သိမ်းဆည်းထားခွင့် မရှိဘူးလို့ ဆိုင်းဟာခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဆိုင်းဟာခရိုင်၊ လောင်တလိုင်ခရိုင်နဲ့ လောင်းလေခရိုင်တွေမှာ စက်သုံးဆီဝယ်ယူလို့ မရတော့သလို ဝယ်ယူထားတဲ့ ဆီကားတွေကိုလည်း နယ်စပ်ဂိတ်တွေမှာ ခက်ခက်ခဲခဲ ကုန်သွယ်မှု ပြုလုပ်နေကြရတယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည် အမျိုးသားတယောက်က ပြောပါတယ်။

“နယ်စပ်မြို့တွေမှာ စက်သုံးဆီ ဝယ်ယူလို့ မရတော့ဘူး။ အဆက်သွယ်ကောင်းတဲ့ သူတွေလောက်ပဲ အနည်းငယ် ဝယ်လို့ရတော့တယ်။ အရင်ကလည်းက ဝယ်ပြီးသားရှိတဲ့ စက်သုံးဆီတွေကိုလည်း နယ်စပ်ဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ရှိတယ်။ ဝယ်ယူထားတဲ့ အထောက်အထားတွေ ပြနိုင်မှ ဖြတ်သန်းခွင့်ပြုတယ်။ ဒီအတိုင်းသာဆိုရင် ရခိုင်ဘက်မှာ စက်သုံးဆီက ပြတ်တောက်မှုတွေ ဖြစ်လာနိုင်သလို ဈေးတွေလည်း ထိုးတက်လာနိုင်တယ်။”

မတ် ၁၇ ရက်ကလည်း မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုက်ဇောနဲ့ နယ်စပ်မြို့ လောင်တလိုင် ခရိုင်တွင်းမှာလည်း စက်သုံးဆီ ဝယ်ယူခွင့်ကို ကန့်သတ်လိုက်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ စက်သုံးဆီ တင်သွင်းထားတာ တချို့ရှိနေသေးပေမဲ့ ကာလရှည်ကြာ ပိတ်ဆို့မှုတွေ ဖြစ်လာနိုင်ပါက စက်သုံးဆီ ပြတ်တောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က ဆီကုန်သည် အမျိုးသားတယောက်က ပြောပါတယ်။

“ကမ္ဘာ့အရေးအခင်းကြောင့် စက်သုံးဆီ ဝယ်ယူထားတာ တချို့တော့ရှိကြတယ်။ ဒါပေမဲ့လည်း လနဲ့ချီ ဝယ်ယူလို့မရဘူး ဆိုရင်တော့ စက်သုံးဆီက ပြတ်တောက်သွားနိုင်တယ်။ စက်သုံးဆီ ပြတ်တောက်သွားရင် သယ်ယူပို့ဆောင်ရေးတွေကအစ ရပ်တန့်သွားနိုင်ပြီး ကုန်စည်စီးဆင်းမှု အပေါ်မှာပါ သက်ရောက်မှု ကြီးသွားနိုင်တယ်။”

လက်ရှိ ရခိုင်ပြည်နယ်မှာ ဓာတ်ဆီတပေပါကို ၁၇ သိန်းဝန်းကျင် ပေါက်ဈေးရှိနေပြီး ရေနံဆီ တပေပါကို ၁၅ သိန်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မတ်လအစောပိုင်းကတည်းက ပြည်မဘက်ကဝင်နေတဲ့ စက်သုံးဆီတွေဟာလည်း ဝင်ရောက်မှု လျော့ကျသွားသလို ပြည်မဘက်က ဝင်ရောက်မှုဟာ ရခိုင်ပြည်အတွက် လုံလောက်မှု လုံးဝမရှိဘူးလို့ စက်သုံးဆီ ရောင်းချသူတွေက ပြောပါတယ်။

အိန္ဒိယဘက်က စက်သုံးဆီ ဝယ်ယူလို့ မရတော့ရင် ရခိုင်ပြည်တွင်းရှိနေတဲ့ စက်သုံးဆီတွေကို စနစ်တကျရောင်းချဖို့ ရေရှည်စီမံမှုတွေကို အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ မြောက်ဦးမြို့ခံ လူငယ်အမျိုးသားတယောက်က ပြောပါတယ်။

“စက်သုံးဆီဆိုတာက နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်တယ်။ လူသားတွေရဲ့ နေ့စဉ်လူမှုဘဝအတွက် စက်သုံးဆီက အတော်လေးကို အရေးပါတယ်။ ကမ္ဘာမှာ စစ်ဖြစ်ပြီး နိုင်ငံတိုင်းမှာ စက်သုံးဆီ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ရခိုင်ပြည်မှာလည်း စက်သုံးဆီ သုံးစွဲ ရောင်းချမှုနဲ့ ကာလရှည်ကြာ ခရီးအတွက် အစိုးရဘက်က စနစ်တကျ တခု အစီအစဉ်တွေ ဆွဲထားဖို့လိုအပ်ပြီ။ အိန္ဒိယဘက်ကလည်း စက်သုံးဆီရရှိဖို့ ခက်ခဲလာလို့ စက်သုံးဆီ ပြတ်တောက်သွားရင် ပြည်သူတွေအပေါ်မှာလည်း သက်ရောက်မှု ကြီးနိုင်သလို တော်လှန်ရေးအပေါ်မှာလည်း သက်ရောက်မှု ကြီးနိုင်တယ်။”

ရခိုင်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားတာကြောင့် စက်သုံးဆီရရှိဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်က အားထားပြီး တင်သွင်းနေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013