
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ တို့မှာ မြန်မာစာနဲ့ မြန်မာသမိုင်းနေရာတွေမှာ ရခိုင်စာနဲ့ ရခိုင်သမိုင်းတွေကို အစားထိုး သင်ကြား နေပြီလို့ အာရက္ခအမျိုးသား ပညာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အခြေခံပညာရေးအဆင့်ရဲ့ အကြီးဆုံးအတန်းဖြစ်တဲ့ Grade-12 မြန်မာစာနေရာမှာ ရခိုင်စာနဲ့ အခု ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်မှာ စတင်အစားထိုး သင်ကြားနေပြီဖြစ်သလို အခြားအတန်းတွေကို လည်း လာမဲ့ ပညာသင်နှစ်တွေမှာ ဖြည်းဖြည်းချင်း ပြောင်းလဲ သင်ကြားသွားမှာဖြစ်ပြီး၊ သမိုင်း သင်ရိုးထဲမှာလည်း မြန်မာသမိုင်းကို ၂၀၂၄ ခုနှစ် ပညာသင်နှစ်ကတည်းက အတန်းအားလုံးမှာ ဖယ်ရှားထားတယ်လို့ ပညာရေး အသိုက်အဝန်းက ပြောပါတယ်။
အထက်တန်းပြ ဆရာတယောက်က “မြန်မာစာနေရာမှာ ရခိုင်စာကို စာတင်ပြီး အစားထိုးသင်ကြား ပြုလုပ်နေပြီ။ ဒီနှစ်တော့ Grade-12 ကိုစတင်ပြောင်းလဲထားတယ်။ နောက်အတန်းတွေကိုလည်း သင်ရိုးတွေ ရေးဆွဲနေပြီးတော့ နောက်လာမယ့် ပညာသင်နှစ်တွေမှာ တဆင့်ချင်းစီ ပြောင်းလဲ သွားမယ်။ သမိုင်းဘာသာရပ်မှာလည်း မြန်မာသမိုင်းက ဖယ်ရှားထားပြီ။ ကမ္ဘာသမိုင်းတခုတည်းပဲ သင်တယ်။ စာမေးပွဲတွေမှာတော့ ရခိုင်သမိုင်းတွေကို အနည်းအကျဉ်းထည့်မေးတတ်တာကြောင့် ကျောင်းတွေကတော့ ရခိုင်သမိုင်းတွေလည်း သင်ကြားကြတာရှိတယ်။ သမိုင်း သင်ရိုးကတော့ ထွက်တာမရှိသေးဘူး” လို့ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုမှာ အာရက္ခအမျိုးသား ပညာရေးဌာနက ဦးဆောင်ပြီး အခြေခံပညာရေးအဆင့်ကျောင်းတွေနဲ့ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းတွေ ကို တဆင့်ချင်း ဖွင့်လှစ်နေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခအမျိုးသား ပညာရေးဌာနရဲ့ ဦးစီးမှု အောက်မှာ ၂၀၂၄ ခုနှစ်ကတည်းက ပညာရေးစနစ်တွေ စတင်လည်ပတ်နေကြတာဖြစ်ပြီး အခြေခံ ပညာရေးအဆင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ နှစ်ကြိမ် စစ်ဆေးထားပြီးဖြစ်ပါတယ်။
ဒ့ါအပြင် အဆင့်မြင့် ပညာရေးအဆင့်မှာလည်း ဆေးသိပ္ပံ၊ နည်းပညာသိပ္ပံ၊ စိုက်ပျိုးသိပ္ပံတို့လို သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေအပြင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့တွေပေးတဲ့ တက္ကသိုလ် အတန်းတွေကို ၂၀၂၅ ခုနှစ် စတင်ပြီး သင်ကြားပေးနေပါတယ်။
ရခိုင်မှာ ရုံးသုံးဘာသာစကားကိုလည်း မြန်မာဘာသာကနေ ရခိုင်ဘာသာစကားကို ပြောင်းလဲထားပြီ ဖြစ်တာကြောင့် မြန်မာစာနေရာမှာ ရခိုင်စာကို အစားထိုး သင်ကြားမှုပြုလုပ်လာတာလို့ နောက်ထပ် ကျောင်းဆရာတယောက်က ပြောပါတယ်။
“အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရရဲ့ ရုံးသုံးဘာသာစကားက ရခိုင်စကားနဲ့ ရခိုင်စာဖြစ်တယ်။ အဲဒီတော့ အတန်းစာမှာလည်း မြန်မာစာအစား ရခိုင်သင်ရိုးကို အစားထိုး သင်ကြားမှု ပြုလုပ် လာတာ။ သမိုင်းကတော့ မြန်မာသမိုင်းသင်ရိုးက စစ်တပ်အလိုကျ ဝါဒဖြန့် ရေးသားထားတာကြောင့် ဖြုတ်လိုက်တာလို့ သိရတယ်။ ကမ္ဘာသမိုင်းပဲ အဓိက သင်ကြားပြီး အချို့ကျောင်းတွေမှာတော့ ရခိုင်သမိုင်းပါ သင်ကြတာရှိတယ်။”
၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်ကစပြီး အာရက္ခအမျိုးသား ပညာရေးဌာနက ဆရာ/ဆရာမတွေကို လစာပေးလာပြီး လက်ရှိမှာ ဆရာ/ဆရာမတွေရဲ့ လစာကို ကျောင်းသား/သူတွေဆီက ကောက်ယူ ငွေ တဝက်နဲ့ ပညာရေးဌာနက တဝက်စီ ပေးနေတာမျိုးတွေ ပြုလုပ်လာနေပြီလို့ သိရပါတယ်။
အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တွေမှာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး ကဏ္ဍာတွေအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုပါ တပြေးညီဆောင်ရွက်နေပါတယ်။











