DVB Logo
Home
Lead Story
လက်ပတ်နီ အရပ်သားအသုံးပြု သပိတ်ဖြိုခွင်းမှုအပေါ် အမြင်များ
DVB
·
March 6, 2015
Donate to DVB

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇ အရ လူ ၅ ယောက်ထက်ပိုပြီးတော့ ငြိမ်ဝပ်ပိပြားရေး ထိခိုက်လာရင် လူစုခွဲရမယ်ဆိုပြီးကြေညာမယ်။ လူစုမခွဲရင် ပုဒ်မ ၁၂၈ အရ Aid to civile power ပြည်သူလူထုကို အကူအညီတောင်းပြီး လူစုခွဲခိုင်းရမယ်လို့ ပါတယ်။ ဒါကတော့ မတ် ၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်အလုပ်သမားသပိတ်ဖြိုခွင်းမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရဲမှူးက ဖတ်ပြသွားတဲ့ စာပိုဒ်ဖြစ်ပြီး မတ် ၅ ရက်နေ့ မြို့တော်ခန်းမရှေ့က ကျောင်းသားသပိတ်ဖြိုခွင်းမှုမှာလည်း အလားတူ ဖတ်ပြသွားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က ကျောင်းသားသပိတ် ဖြိုခွဲခဲ့တုန်းက ပြည်သူကို အကူအညီယူခဲ့တာ မဟုတ်ဘဲ ကြိုတင်ကြံစည် လုပ်ဆောင်ခဲ့တာလို့ မှတ်ချက်ပေး ပြောပါတယ်။

“ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ တို့အရ ရှေ့ဆုံးက ပေးထားတာက တရားသူကြီးဗျ၊။ တရားသူကြီးမရှိမှ ဒုရဲအုပ်နဲ့ ဒုရဲအုပ်အောက် မနိမ့်တဲ့ ပုဂ္ဂိုလ်က လုပ်ရမှာ။ အဲဒီနေ့က တရားသူကြီး မပါဘူး။ နောက်တချက် အကူအညီ ယူနိုင်တယ်သာပြောတာ အခုဟာက အကူအညီယူတာ မဟုတ်ဘူး။ လက်ပတ်တွေ ဘာတွေနဲ့ ကြိုတင်ကြံစည်ပြီးတော့ ပြဿ နာ ရှာမယ်ဆိုတဲ့ သဘောပေါ်ပေါက်နေတယ်။ အမျိုးသမီးကို အမျိုးသမီးရဲနဲ့ပဲ ဖမ်းရမယ်။ ဒါကို အရပ်သားအမျိုးသားတွေက ရုပ်ပျက်ဆင်းပျက် ဖက်သိုင်းပြီးတော့ ဖမ်းသွားတယ်ဆိုတာကတော့ ယဉ်ကျေးမှုကို ဆန့်ကျင်စော်ကား ဖမ်းဆီးမှု ဖြစ်တယ်။ တာဝန်ဆိုတဲ့ လက်ပတ်တွေနဲ့ ကြိုတင်ပြီး စုဆောင်းထားတဲ့ စွမ်းအားရှင်၊ မိဘပြည်သူ စတဲ့ ခေါင်းစဉ်အမျိုးမျိုး ဘယ်လို တပ်တပ် အကြမ်းဖက်အဖွဲ့အစည်းတွေကို ဥပဒေအရ ခွင့်ပြုလို့ မရဘူး။ ဥပဒေမဲ့ လုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။”

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းကတော့ လက်ပတ်အနီနဲ့ အရပ်သားတွေကို သုံးပြီး သပိတ် ဖြိုခွင်းနေတာဟာ အစိုးရအတွက် မကောင်းဘူးလို့ သဘောထား မှတ်ချက် ပေးပါတယ်။

“မလုပ်သင့်ဘူးလို့ ထင်တယ်လေ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေ ထိန်းသိမ်းဖို့ကိစ္စဆို ရဲကိုပဲ အဓိက တာဝန်ပေးတာလေ။ အဲဒီတော့ စွမ်းအားရှင်ဆိုတာကတော့ လူထုထဲက သာမန်လူတွေပဲ ဖြစ်တော့ သူတို့မှာ အဲဒီ တာဝန်မရှိဘူးလို့ ယူဆတယ်။ ဒီလူတွေ လုပ်ဆောင်တဲ့ကိစ္စတွေမှာ ဥပဒေ ချိုးဖောက်တာတွေ၊ ဘာတွေ ဖြစ်လာလို့ရှိရင် ပိုပြီးတော့ ပြောစရာ ဖြစ်လာလိမ့်မယ်။ သူတို့ ဘယ်လို ရည်ရွယ်ချက်နဲ့ သုံးသည်ပဲ ဖြစ်စေ အစိုးရအတွက်ပါ မကောင်းဘူးလို့ မြင်ပါတယ်”

မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဆရာထက်မြက်ကတော့ အခု အစိုးရလုပ်ရပ်ဟာ အရင် စစ်အစိုးရလုပ်ရပ်နဲ့ အတူတူပဲလို့ ပြောပါတယ်။

“အခု ရဲနဲ့ အရပ်ဝတ်လုပ်ရပ်တွေက အရင် စစ်အစိုးရလုပ်ရပ်နဲ့ ဘာမှ မထူးဘူး။ အရင် စစ်အစိုးရ လူထုကို ဖြိုခွဲတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟန်းမှာ ၀ိုင်းရိုက်တာမျိုး၊ အဲဒါမျိုးတွေမှာ ဒီလို အရပ်ဝတ်နဲ့ လူတွေချည်းပဲ။ အခုလဲ သပိတ်တိုက်ပွဲကို ဖြိုခွဲတယ်ဆိုကတည်းက ဒါဟာ သူတို့ ပြောတဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာရယ် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုတာတွေကို သူတို့ဘာသာ ချိုးဖောက်တာပဲ။ ဒီလုပ်ရပ်မျိုးကို လက်ခံလို့မရဘူး။ ဒါကို ပြည်သူလူထုက ၀ိုင်းပြီး တားဆီးဖို့ လိုတယ်။ နိုင်ငံတကာကလဲ ဒီလို လုပ်ရပ်မျိုးတွေကို ဆန့်ကျင်ဖို့ လိုပါတယ်။ ရွှေပြည်သာသပိတ်ဆို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ သတင်းထောက်တွေတောင် ဖမ်းခဲ့သေးတယ်။ ခြိမ်းခြောက်ခဲ့သေးတယ်။ ဒါ စစ်အာဏာရှင်လုပ်ရပ်၊ ဖက်ဆစ်ဆန်တဲ့လုပ်ရပ်တွေလို့ လေးလေးနက်နက် ပြောချင်ပါတယ်။”

မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်က အစိုးရဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ တို့ကို တလွဲ အသုံးချ လုပ်ဆောင်နေတာလို့ သဘောထားမှတ်ချက်ပေးပါတယ်။

“ရဲတွေက အီးယူတို့ ဘာတို့က သင်တန်းပေးထားတော့ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ လိုက်နာ လုပ်ရတယ်။ ဒီလိုအချိန်မှာ သူတို့လုပ်ချင်တဲ့ဟာက အကြမ်းဖက်ပြီး ဖြိုခွဲချင်တယ်။ ရဲတွေရဲ့ စံနှုန်းနဲ့ အုပ်ချုပ်ရေးပိုင်းက သူတို့လုပ်ချင်တဲ့ဟာနဲ့က မကိုက်ညီတော့ အဲဒီကြားထဲမှာ တည်ဆဲဥပဒေတွေထဲက တခုပေါ့။ ဒါကို တလွဲ အသုံးချတယ်လို့ မြင်တယ်။ ဥပဒေမှာပါတဲ့ ရည်ရွယ်ချက်က ဒီလို ရည်ရွယ်ထားတာလို့ မယူဆဘူး။ နောက် သုံးတဲ့လူတွေကလည်း လူမိုက်တွေ လက်မရွံ့လိုလူတွေ သုံးတဲ့ဟာမျိုးကြောင့် ခိုင်းချင်တာ ခိုင်းလို့ရတာပေါ့။ ရဲတွေမှာ စံတခုရှိနေတော့ အရင်စစ်အစိုးရတွေလို ခိုင်းချင်တာ ခိုင်းလို့ ခက်ခဲလာတဲ့သဘောမှာ အဲလိုလူတွေကို ခိုင်းချင်တာ ခိုင်းဖို့အတွက် အသုံးချတယ်လို့ မြင်တယ်။ ဥပဒေနဲ့ လုံးဝမညီတဲ့ လုပ်ရပ်လို့ မြင်တယ်။”

လက်ပတ်အနီနဲ့ အရပ်သားအုပ်စုတွေဟာ အခုရက်ပိုင်း သပိတ်ဖြိုခွဲတဲ့အခါ သတင်းရယူတဲ့ သတင်းမီဒီယာသမားတွေကိုပါ ဦးတည် ရန်ပြုလာတာတွေ လုပ်ဆောင်လာနေပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီ(ယာယီ)က တစုံတရာလုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ထူးထူးခြာခြား အာဏာရ ကြံ့ခိုင်ရေးပါတီကလည်း ရန်ကုန်သပိတ် ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး မတ် ၆ ရက် ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အင်အားသုံးဖြေရှင်းတာကို မထောက်ခံဘူးလို့ ဖော်ပြလိုက်ပါတယ်။ အင်အားသုံးဖြေရှင်းတဲ့ကိစ္စမျိုးတွေမှာ ပါတီဝင်တွေ ၀င်မပါဖို့ ညွှန်ကြားချက် ထုတ်ထားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013