ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ဖရဆမွတ်စေတီမြို့နယ်ထဲမှာ မတ်လ ၅ ရက် နေ့ခင်းပိုင်းက တရိစ္ဆာန်အစားအစာထုတ်လုပ်တဲ့စက်ရုံပေါက်ကွဲမှု ဖြစ်ပွားပြီး မြန်မာ အလုပ်သမားတွေအပါအ၀င် လူ ၇ ဦး ဒဏ်ရာရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
စက်ရုံ စတုတ္ထအထပ်ကနေ ပေါက်ကွဲမှုစတင်ဖြစ်ပွားပြီး အထပ် ၅ နဲ့ အထပ် ၆ ပါ ပြိုကျလာတဲ့အတွက် ရှောင်တိမ်းချိန်မရသူတွေ ဒဏ်ရာရခဲ့တာလို့ ဆမုတ်စေတီရဲစခန်း တာဝန်ကျရဲအုပ် ဆောင်ဘန်းရုန်းဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒဏ်ရာရသူ စုစုပေါင်း ၇ ဦးရှိပြီး ထိုင်းလူမျိုး ၃ ဦးနဲ့ မြန်မာအလုပ်သမား ၄ ဦးတို့ ပါဝင်ကာ ဒဏ်ရာရသူအားလုံးကို ဘန်ပကောက် အမှတ် ၃ ဆေးရုံကြီးကို ပို့ဆောင် ထားတယ်လို့ သူကဆက်ပြောပါတယ်။
အဲဒီထဲက ထိုင်း ၂ ဦးနဲ့ မြန်မာ ၁ ဦးတို့ တကိုယ်လုံးအပူလောင်ခံရပြီး ဒဏ်ရာပြင်းထန်တယ်လို့ ရဲစခန်းက ပြောပါတယ်။
တိရိစ္ဆာန်အစားအစာတွေ အဓိကထားထုတ်လုပ်တဲ့ အဲဒီစက်ရုံဟာ Laem Thong ကုမ္ပဏီပိုင်ဖြစ်ပြီး အလုပ်သမားအင်အား ၅၀၀ ကျော်ရှိပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်း အတိအကျမသိရပေမယ့် ဗွိုင်လာအိုးအပူလွန်ကဲမှုကြောင့်လို့ တာဝန်ရှိသူတွေက ကနဦးခန့်မှန်းထားပါတယ်။
ပေါက်ကွဲချိန်ဟာ အလုပ်သမားတွေ နေ့ခင်းထမင်း စားနားနေချိန်ဖြစ်ပြီး သာမန်အလုပ်ဆင်းချိန်ဆိုရင် ထိခိုက်ဒဏ်ရာရသူတွေ ဒိထက်ပိုများနိုင်တယ်လို့ အလုပ်သမားခေါင်းဆောင်တဦးရဲ့ အပြောကိုကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
ဓာတ်ပုံ - mthai
[gallery ids="84465,84466,84467"]











