
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒဖော်ထုတ်သူတွေ အကြမ်းဖက်ခံရတဲ့အပေါ် ဒီနေ့ မနက် ၉ နာရီလောက်က ဗကသအဖွဲ့ချုပ်ဝင်တွေဟာ လက်ပံတန်းဈေးရှေ့မှာ ပြည်သူကို ရှင်းလင်းတင်ပြဖို့ ကြိုးစားနေစဉ်အတွင်း သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တို့က အင်အားသုံး ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုရဲရင့်ပိုင်မှူး၊ ကိုအောင်မင်းခန့်၊ မအိသဉ္စာမောင်တို့ကို ဖမ်းဆီးသွားတယ်လို့ အခင်းဖြစ်နေရာ ရောက်နေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
အရပ်ဝတ်လူတဦးကလည်း သတင်းထောက်တွေဘက်ကို လက်ညှိုးထိုးပြီး ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့ကြောင်း၊ အဲဒီအချိန်မှာပဲ ဧရာဝတီသတင်းထောက် ကိုစိုင်းဇော်ကို ၀င်ရောက် ဖမ်းဆီးတဲ့အတွက် ဒယဥ့်တိုက်ပါသွားခဲ့ကြောင်း ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
သတင်းထောက်တွေ ဖြစ်ကြောင်း ပြောဆိုပေမယ့် ဆက်လက် ဖမ်းခေါ်သွားကြောင်း၊ တခြားသတင်းထောက်တွေက ကိုစိုင်းဇော်ကို ရဲတပ်ဖွဲ့ဝင်တွေ လက်က ပြန်လည်ဆွဲခေါ်ယူနိုင်ခဲ့တာကြောင့် လွတ်မြောက်လာခဲ့တယ်လို့ ပြောပါတယ်။
“ကားပေါ်ပစ်တင်နေတဲ့အချိန်မှာ ကျနော် သူတို့ကြားထဲတိုးပြီးရိုက်တဲ့အခါမှာ ကျနော့်ကင်မရာကို စပြီးတွန်းထုတ်လိုက်တယ်။ ကျနော့်ကင်မရာအသံဖမ်းတဲ့ မိုက်ကြိုးက ပြုတ်ထွက်သွားတယ်။ ကျနော် နောက်ဆုတ်ပြီး ယူနေတဲ့အချိန်မှာပဲ ကိုစိုင်းဇော်ကို သူတို့ စပြီးတော့ ဆွဲတယ်။ ကင်မရာဆွဲရင်းနဲ့ လူပါ ပါသွားတယ်။ ကိုစိုင်းဇော်ကလည်းသူက မီဒီယာသမားဖြစ်တယ်၊ ပြောနေတဲ့အချိန်မှာ ကျန်တဲ့သတင်းသမားတွေကလည်း မီဒီယာသမားပြန်လွတ်ပေးဖို့ အားလုံးဝိုင်းတောင်းဆိုကြတယ်။ ၀ိုင်းတောင်းဆိုတဲ့အချိန်မှာ ဟိုဘက်ကို ပါမသွားအောင် သတင်းသမားတွေက သူ့ကို ပြန်လုယူတယ်။”
လက်ရှိမှာလည်း လက်ပံတန်းမြို့ပေါ်မှာ “စည်းကမ်းထိန်းသိမ်းရေး”ဆိုတဲ့ လက်ပတ်တွေကို လိုက်လံဝေနေတာကို တွေ့ရတယ်လို့လည်းဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
ဒါ့အပြင် မနက်က ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း လက်ပံတန်းမြို့ပေါ်မှာ လုံခြုံရေးအင်တားတွေ ထပ်ပြီးတိုးလာတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်မြို့ကို ဦးတည်ပြီး ခရီးမိုင် ၄၀၀ နီးပါး လမ်းလျှောက်ချီတက်လာခဲ့ကြတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းကတော့ ရန်ကုန်ကို ဆက်လက် မထွက်ခွာနိုင်ဘဲ လက်ပံတန်းမှာ လုံခြုံရေး ရဲတပ်ရင်းတွေရဲ့ အင်အား အလုံးအရင်းနဲ့ ဆက်လက်ပိတ်ဆို့ခံထားရတယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။










