
ဟော်မုဇ်ရေလက်ကြားတလျှောက် လမ်းကြောင်းပြန်ဖွင့်ဖို့ ကြိုးစားနေတဲ့ အမေရိကန်ရေယာဉ်တွေကိုသာ အီရန်က တိုက်ခိုက်မယ်ဆိုရင်၊ အီရန်ကို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကနေ အလုံးစုံဖယ်ရှားပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်ဟာ မေ၄ ရက်ကစပြီး ပင်လယ်ကွေ့မှာ ပိတ်မိနေတဲ့ သင်္ဘောတွေနဲ့ သင်္ဘောသားတွေ ထွက်ခွာနိုင်ရေး အော်ပရေးရှင်းတရပ်ကို စတင်လုပ်ဆောင်နေပါတယ်။
ဒီအော်ပရေးရှင်းဟာ ဒေသတွင်း အလုံးစုံစစ်ပွဲဆီ ပြန်လည်ဦးတည်သွားနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
အဲဒီရေပြင်မှာ သင်္ဘော ၈၀၀ ကျော်နဲ့ ရေယာဉ်အမှုထမ်း ၂၀,၀၀၀ ခန့် ပိတ်မိနေဆဲ ဖြစ်ပါတယ်။ မေလ ၄ ရက်က FOX သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်ပ်က “ကျုပ်တို့မှာ အရင်ကထက် ပိုကောင်းတဲ့ လက်နက်တွေ၊ ခဲယမ်းတွေရှိပြီး လိုအပ်ရင် အားလုံးကို အသုံးပြုသွားမယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အီရန်ရဲ့ စစ်ဘက်သုံး fast boat လှေ ၆ စင်းကို ဖျက်ဆီးခဲ့ပြီး ဒုံးကျည်နဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပေမဲ့ အီရန်ကတော့ ငြင်းဆိုထားပါတယ်။
အီရန်စစ်တပ်ကလည်း ဟော်မုဇ်ရေလက်ကြားကို ချဉ်းကပ်လာတဲ့ ဘယ် အမေရိကန်ရေယာဉ်ကိုမဆို တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ပြီးခဲ့တဲ့လက အသက်ဝင်ခဲ့ပေမဲ့ နိုင်ငံတကာ ရေနံကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကိုတော့ ပြန်မဖွင့်နိုင်သေးပါဘူး။










