
ပွင့်လင်းရာသီမှာ စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြင်းပြင်းထန်ထန် လုပ်လာဖို့ရှိနေလို့ ကရင်နီပြည်နယ်အတွင်းက ဒေသခံတွေ စစ်ရှောင်တွေအနေနဲ့ လေကြောင်းရန် အတွက် သတိထားနေကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့အသီးသီးက သတိပေးနှိုးဆော် နေပါတယ်။
စက်တင်ဘာလက မိုးဗြဲနားတဝိုက်မြေပြင်တိုက်ပွဲတွေမှာ အထိနာထားတဲ့ စစ်တပ်က လွိုင်ကော် အရှေ့ခြမ်း မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမောဆို၊ ရှားတောနဲ့ မော်ချီးဘက်က အရပ်သားပြည်သူတွေကို လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ စက်တင်ဘာတလအတွင်းမှာပဲ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၅ ယောက်သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မိုးအကုန်ပွင့်လင်းရာသီအရောက်မှာ စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုတွေက ပိုပြင်းလာနိုင်တဲ့အပြင် ဒရုန်းတိုက်ခိုက်မှုတွေပါ အားကောင်းလာနေတဲ့အတွက် လေကြောင်းရန် သတိရှိကြဖို့ မိုးဗြဲနဲ့ ဒီးမော့ဆိုကို ကာနေတဲ့ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေက သတိပေးနှိုးဆော် ထားတာပါ။
မိုးဗြဲ စစ်ရေးရင်းမြစ်တယောက်က “လောလောဆယ် ဒီရက်တော့ လုံးဝပြင်းထန်နေတယ်။ လေယာဉ်တွေကော ဘာတွေကောတောက်လျှောက်ပဲ အခုချိန်ထိပေါ့။ ဒီမနက်ထဲက အခုချိန်ထိ မပြီးသေးဘူး ပြင်းထန်နေဆဲပဲ မိုးဗြဲဘက်မှာ အခြေအနေတော့ ဘယ်လိုလာမလဲ မသိသေးဘူး” လို့ ပြောပါတယ်။
လက်ရှိမိုးဗြဲနားတဝိုက်မှာ ကင်းထောက်လေယာဉ်နဲ့ ဒရုန်းတွေ အလာများနေပြီး လေကြောင်းရန် စိုးရိမ်နေရသလို အနီးနားကမြို့တွေဖြစ်တဲ့ နန်းမယ်ခုံနဲ့ ဒီးမော့ဆို တကြောမှာလည်း ဒီရက်ပိုင်း အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ကြုံနေရတယ်လို့ ဒေသခံ တွေက DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၅ ရက်ကလည်း အရပ်သားတွေ နေထိုင်ရာ ဒီးမော့ဆိုအရှေ့ခြမ်းတနေရာကို အသေခံဒရုန်း ၂ စင်းနဲ့ ဗုံးလာကြဲခဲ့ပါသေးတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီးမော့ဆိုအနောက်ခြမ်းကိုပဲ ဒရုန်းနဲ့ပုံမှန်တိုက်ခိုက်နေရာကနေ အခုလို အရှေ့ပိုင်းအထိ ဒရုန်းဝင်လာပြီးတိုက်ခိုက်တာဟာ ပထမအကြိမ်ဖြစ်သလို စစ်တပ်ဘက်က ဒရုန်းထိန်းချုပ်နိုင်တဲ့ အကွာအဝေးတွေမှာ ပိုအားကောင်းလာတဲ့အနေအထားလို့ ဆိုကြပါတယ်။
ဒီးမော့ဆို ဒေသခံတယောက်က “ အခုက စစ်ကြောင်းထိုးဖို့တော့ကြားနေရတယ်။ ဒေါငံခါးကနေ နန်းမယ်ခုံတကြောကို ပြန်သိမ်းဖို့ပေါ့။ ပြည်သူတွေကတော့ စိုက်ထားတဲ့စပါးတွေ ရိတ်မမှီမှာလည်း စိုးရိမ်ကြတယ်။ အမျိုးမျိုးပေါ့နော် အသေခံဒရုန်းတွေလည်း တအားသုံးလာတယ်။ လေယာဉ်တွေ ကော ဒရုန်းတွေကောအစုံပဲ၊ ဒီနောက်ပိုင်းပိုဖြစ်လာတယ်။ တခါမှဒရုန်းတွေ မရောက်ဖူးတဲ့ နေရာ တွေထိကို ဒရုန်းတွေရောက်လာပြီ။ ပြီးခဲ့တဲ့ရက်ဆို ရွာဘက်မှာ ဒရုန်းလာချတာ ကံကောင်းချင်တော့ သစ်ပင်နည်းနည်းမြင့်တဲ့အပင်ကို သွားချိတ်ပြီးပေါက်ကွဲသွားတာ။ လူတွေမထိတော့ တအားကံကောင်း သွားတာ။ လူတွေထိပြီဆိုရင်လည်း ပြည်သူတွေပဲရှိတာ ရဲဘော်မရှိဘူးလေ အဲ့နေရာတွေက”လို့ ပြောပါတယ်။
လေကြောင်းကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ပစ်မှတ်ထားနေရင်း မြေပြင်စစ်ကြောင်း တွေကလည်း လွိုင်ကော်နားတဝိုက်ကို စစ်တပ်ကပြန်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးအရ အရေးပါတဲ့ လွိုင်ကော်မှာ တိုင်းစစ်ဌာနချုပ်တခုထပ်ဖွင့်ထားပါတယ်။
ဒါဟာ နေပြည်တော်နဲ့ နယ်မြေထိစပ်နေတဲ့ ကရင်နီကို စစ်ရေးအရ ဖိအားပေးဖို့ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
ဒါပေမဲ့ဒီးမော့ဆိုနားကနေ မိုးဗြဲအထိ ကာနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်ကတော့ အခုလို အပြောင်းအလဲပေါ်တန်ပြန်နိုင်မဲ့ နည်းလမ်းတွေ လုပ်နေပြီလို့ ပြောပါတယ်။
စစ်ရေးရင်းမြစ်တယောက်က “အပြောင်းအလဲကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ လေယာဉ်ကတော့ ပြည်သူကို ပစ်မှတ်ထားပြီးပိုကြဲလာတာတခုပါပဲ။ အရှေ့မှာက ဒရုန်း အနောက်မှာကလေယာဉ် အဲ့လိုမျိုး။ အဓိက ကာမီကာဇီ (အသေခံဒရုန်း)တွေပေါ့၊ တခါတလေ ဒရုန်းအကြီးတွေပေါ့။ ဒါပေမဲ့ ကျနော်တို့လည်း တန်ပြန်နိုင်မဲ့ နည်းလမ်းတွေလည်း လုပ်နေတယ်”လို့ ပြောပါတယ်။
စစ်ရေးပြင်းလာနိုင်ခြေရှိနေတဲ့ မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမော့ဆိုနားတဝိုက်က ပြည်သူတွေအနေနဲ့လည်း မိမိတို့စိုက်ခင်း ဒါမှမဟုတ် အိမ်တွေကို ပြန်တဲ့အခါ သက်ဆိုင်ရာနယ်မြေက ရဲဘော်တွေရဲ့ သတိပေးချက်တွေကို လိုက်နာဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးသတိတွေကို အထူးဂရုစိုက်ကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေက သတိပေးနှိုးဆော်နေပါတယ်။
မောရစ်











