
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေက အသွင်ပြောင်းဖို့နဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တွေ ပြောဆိုနေပေမဲ့ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ဒေသမှာ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေါတယ်။
မတ် ၁၆ ရက်မှာ စစ်အာဏာရှင်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးခင်ရီက လွှတ်တော်ဟာ ဒီမိုကရေစီ အုတ်မြစ်ချဖို့နဲ့ ပြည်သူ့အသံကို နားထောင်ဖို့ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
အလားတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ကျောင်းသားတွေ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ ငြိမ်းချမ်းရေးတို့ကို အလေးထား လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ ကတိစကားတွေဟာ မြေပြင်အခြေအနေနဲ့တော့ တခြားစီ ဖြစ်နေပါတယ်။ မတ် ၁၆ ရက်မှာ စစ်အာဏာရှင် လွှတ်တော်ခေါ်ယူပြီးနောက်ပိုင်းကနေ လက်ရှိအချိန်ထိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ဒေသမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၈ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
DVB ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃ ယောက်ထက်မနည်း သေဆုံးကာ ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသားတွေ အေးချမ်းစွာ ပညာသင်ကြားနိုင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်က ပြောဆိုနေပေမဲ့၊ မြေပြင်မှာတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် လူနေအိမ်တွေကို ဗုံးကြဲတိုက် ခိုက်နေပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ဩဇာခံမဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေကို ရွေးနေတဲ့တချိန်တည်းမှာပဲ မင်းပြားမြို့နယ်၊ ပုလဲတောင်ရွာ အနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က ဗုံးအလုံး ၄၀ ထက်မနည်း လာရောက်ကြဲချခဲ့တဲ့အတွက် ဒေသခံ တယောက် နေရာမှာတင် သေဆုံးခဲ့ပြီး၊ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ပုလဲတောင်ရွာ အနီးတဝိုက်က ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။
ပုလဲတောင်ရွာ ဒေသခံတယောက်က "ကြဲသွားတာက ဗုံးအလုံး ၄၀ ဝန်းကျင်လောက်ကို ရှိပါမယ်။ ညက ကြဲသွားတာတော့ ၁ နာရီလောက်ထိကို ကြာပါတယ်။ လေကြောင်းအန္တရာယ်က နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတာပါ။ ဒီလောက် ကြီးကြီးမားမားက ဒီရွာအနီးတဝိုက်မှာ တခါမှ မဖြစ်ဖူးတော့ ပုံမှန်ထက် ကြောက်လန့်စိတ်တွေက ပိုများသွားတာပေါ့နော်။ ရှောင်တိမ်းနိုင်ဖို့ အခြေအနေကတော့ မရှိပါဘူး။ ဘယ်နေရာကို သွားသွား လေကြောင်းအန္တရာယ်က စိုးရိမ်နေရတယ်ဆိုတော့ ကိုယ့်ရွာမှာပဲ ကြိတ်မှိတ်ပြီး ခံနေရတာပေါ့”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှုရဖို့ ဒီမိုကရေစီ အယောင်ပြနေပေမဲ့၊ မြေပြင်မှာတော့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမျိုးကျော်က သုံးသပ်ပါတယ်။
"တနိုင်ငံလုံးမှာ လူသတ်တယ်၊ မီးရှို့တယ်။ ရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ အဲဒီလိုမျိုး တနိုင်ငံလုံး စစ်ဘေးရှောင်တွေနဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ သူ့လူတွေနဲ့သူ အာဏာကို ဆက်မြဲဖို့အတွက် ထွက်ပေါက်ရှာတဲ့အနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်တယ်။ အဲဒီလူကနေပြီးတော့ အခုအခါ ဒီမိုကရေစီ အခင်းအကျင်းကို ပြောင်းမယ်ဆိုတာကတော့ အမှန်ပြောရရင်တော့ ခပ်ရိုင်းရိုင်း သုံးရမယ်ဆိုရင်တော့ ခွေးပါးစပ်က နတ်စကားပြောတယ်လို့ပဲ ဆိုလိုချင်ပါတယ်။"
အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုတွေကြောင့် ဒေသခံတွေဟာ အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အပြင်၊ အလုပ်အကိုင် ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြားမှာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ များစွာ ရှိနေကြတာပါ။
ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန် အန္တရာယ်ကို အမြဲသတိထားပြီး စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ကိုလည်း AA က တိုက်တွန်း ပြောဆိုထားပါတယ်။










