DVB Logo
Home
Lead Story
စစ်ပြေးဒုက္ခသည်တွေ တောထဲမှာ မိုးကာတွေနဲ့ တဲထိုးပြီး နေကြရတယ်
DVB
·
March 6, 2015
စစ်ပြေးဒုက္ခသည်တွေ တောထဲမှာ မိုးကာတွေနဲ့ တဲထိုးပြီး နေကြရတယ်
1 / 4
Donate to DVB

အစိုးရတပ်နဲ့ အမ်အန်ဒီအေအေ (ကိုးကန့်တိမ်းရှောင်) တပ်ဖွဲ့တွေကြား ၁ လနီးပါးကြာ တိုက်ပွဲတွေကြောင့် ယူနန်ပြည်နယ် လင်ချန်းခရိုင် နမ့်ဆန်မြို့နယ်ထဲက မိုက်တိဟိုရွာ ဒုက္ခသည်စခန်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးသလို  ထောက်ပံ့ကူညီမှုတွေလည်း  အရေးပေါ်လိုအပ်နေပါတယ်။

ဒုက္ခသည်တွေကို သွားရောက်ကူညီနေတဲ့ ကိုးကန့်လူငယ် (အိုက်ပေါဝ်ပိတ်) အဖွဲ့ ဆက်သွယ်ဆောင်ရွက်ရေး တာဝန်ခံ ယန်လောက်အယ်ပါကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။

ကိုးကန့်လူငယ်အဖွဲ့အနေနဲ့ စစ်ပြေးဒုက္ခသည်တွေကို လက်ရှိ ဘယ်လိုအကူအညီတွေ ပေးနေပါသလဲ။

“တိုက်ပွဲမဖြစ်ခင်ကတော့ ကျနော်တို့လူငယ်အဖွဲ့က ရွာတွေလိုက်ပြီး ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ပါတယ်။ အခုတိုက်ပွဲဖြစ်တော့ ဒုက္ခသည်တွေကူညီရတာပေါ့။ ကျနော်တို့က တတ်နိုင်တဲ့လူတွေဆီကနေ၊ နိုင်ငံခြားရောက်နေတဲ့လူတွေဆီကနေ အကူအညီတောင်းတယ်။ ပြီးတော့ ဆန်တွေ၊ စားစရာတွေ၊ ပစ္စည်းတွေ စုဆောင်းပြီး ဒုက္ခသည်စခန်းဘက် သွားပို့ပေးပါတယ်။ စေတနာဝန်ထမ်းဆရာဝန်တွေ ခေါ်သွားပါတယ်။ အခုတခေါက်နဲ့ဆို ၅ ခေါက်ရှိပါပြီ။ အခုကျနော်တို့ လောက်ကိုင်ကနေ  ၃ နာရီကြာ ကားမောင်းရမယ့် မိုက်တိဟို ဆိုတဲ့ ဒေသဘက်သွားနေတယ်။”

အဲဒါ ဘယ်မြို့နယ်ထဲမှာလဲ၊  ဒုက္ခသည်ဘယ်လောက်ရှိလဲ၊ ဘယ်လိုနေနေကြလဲ။

“ယူနန်ပြည်နယ် လင်ချန်းခရိုင် နမ့်ဆန်မြို့နယ်ထဲမှာပါ။ ဒုက္ခသည်က အများကြီးပဲခင်ဗျ။ ၂ သောင်းလောက်ရှိမယ်။  ဟိုး  ၁၂၅ မိုင်တိုင်ဘက်မှာလည်း လူတွေ သောင်းနဲ့ချီရှိပါတယ်။ စုစုပေါင်း ၄ သောင်းလောက်ရှိပါတယ်။ သူတို့က တောင်ခြေမှာရော၊ တောထဲမှာရော မိုးကာတွေနဲ့ တဲထိုး ပြီးနေကြတယ်။ ပြန့်ပြီးနေပါတယ်ခင်ဗျ။ အခု ဆန်အိတ် ၂၀၀၊ စားစရာ၊ အိပ်ရာနဲ့ စောင်တွေ၊ မိုးကာတွေ သွားပို့မှာပါ။ လောက်တော့ မလောက်ပါဘူးခင်ဗျ၊ ကျနော်တို့ ရှိသလောက်နဲ့ပဲ မျှပြီးပေးရမှာပါ။”

အခုလို သွားကူညီတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ၊ ဒုက္ခသည်ဘက်ကရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။

“အခက်အခဲကတော့ အများကြီးရှိတယ်။ ကျနော်တို့ဘက်ကဆိုရင် သွားရေးလာရေး ခက်တယ်။ လောက်ကိုင်ဘက်က ကားတွေ မရှိဘူး၊ ရှိလည်း သွားလို့မရဘူး။ တရုတ်ဘက်က မပေးသွားဘူး။ အဲဒါကြောင့် တရုတ်ပြည်ဘက်က ကားကိုငှားရတယ်။ အဲ့တော့  စရိတ်ပိုကုန်ပါတယ်။ ဒီနေ့ဆို ကျနော်တို့ ကား ၆ စီးနဲ့လာတာ၊ တရုတ်ပြည်ဘက်မှာ လူကြီးတွေအစည်းအဝေးရှိလို့ ဆိုလားမသိဘူး၊ တခါတည်းသွားလို့မရဘူး၊  နားလည်မှုနဲ့ သွားလာနေရတယ်။ ကား ၆ စီးက ခွဲပြီးသွားရမယ်။ ဒုက္ခသည်ဘက်သွားရင် တယ်လီဖုန်းတွေ ကင်မရာတွေ အကုန်ထားခဲ့ရတယ်။ ရန်ပုံငွေမလုံလောက်တော့ ဒုက္ခသည်တွေကို အပြည့်မကူနိုင်ဘူး။ သူတို့လည်း ဒုက္ခတအားရောက်ပါတယ်။ အခုဆို မိုးလည်းရွာတယ်၊ လေလည်းတိုက်တယ်။ ဖျားတဲ့လူတွေ များလာပြီ၊ စေတနာဝန်ထမ်းဆရာဝန်ဆီ  ဆေးလာတောင်းကြတာ တနေ့ဆို ၂၀၀ လောက်ရှိတယ်။ ဒီလ ၂ ရက်နေ့ကဆို  တအားအေးလို့  အသက် ၈၀ ကျော် အဘွားကြီးတယောက် ဆုံးသွားတယ်။ ကုန်းကြမ်း ရှောက်ကိုင်ရွာက ပလောင်အမျိုးသမီးတယောက် ကလေးမမွေးနိုင်လို့ ဆုံးသွားတယ်။”

ခုလက်ရှိအနေအထားအရ ဒုက္ခသည်တွေ နေရပ်ကို  ပြန်လာလို့ မရသေးဘူးလား။

“သူတို့မပြန်ရဲသေးပါဘူးခင်ဗျ၊ ပြန်ချင်ကြပါတယ်။ ဒါပေမယ့် လမ်းမှာလည်း အပစ်ခံရမှာ ကြောက်နေတယ်။  အရင်တပတ်က ဗမာလူမျိုး ၂၀၀ ကျော်တော့ ပြန်သွားတယ်။ သူတို့ကို အစိုးရက ပြန်ခေါ်တာတဲ့၊ တရုတ်အစိုးရက ကူပြီးပို့ပေးတယ်။ ကျနော်တို့ ကိုးကန့်၊ ပလောင်နဲ့ ရှမ်းတိုင်းရင်းသားတွေတော့ မပါဘူး။ ဘာဖြစ်လို့လဲ မသိဘူး။”

အဲဒီမှာ ကိုးကန့်လူငယ်အဖွဲ့အပြင် တခြားဘယ်အဖွဲ့အစည်းတွေက သွားရောက်ကူညီပေးနေပါသလဲ။

“ကျနော့်အနေနဲ့ကတော့ ဘယ်အဖွဲ့အစည်းမှ လာကူတာ မတွေ့သေးပါဘူးခင်ဗျ။”

တကယ်လို့ ကူညီချင်တယ်ဆိုရင် ဘယ်ကိုဆက်သွယ်လို့ရမလဲ၊ ဘာတွေ အရေးပေါ်လိုအပ်သလဲ။

“ကျနော်တို့ ကိုးကန့်လူငယ်အဖွဲ့ ၈၆ - ၁၃၄၀၈၈၉၄၅၆၀ ကို ဆက်သွယ်နိုင်ပါတယ်။ အရေးပေါ်လိုတာတော့ စားဝတ်နေရေးအတွက်ရော ဆေးဝါးတွေရောပေါ့။ ကူညီနိုင်ရင် ကျေးဇူး တင်ပါတယ်။”

ဓာတ်ပုံ - Palaung State's post

[gallery ids="84347,84348,84349,84350"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013