DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ အစာငတ်ခံဆန္ဒပြမှုရပ်ဆိုင်း
DVB
·
March 5, 2015
သပိတ်မှောက်ကျောင်းသားများ အစာငတ်ခံဆန္ဒပြမှုရပ်ဆိုင်း
1 / 8
Donate to DVB

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားအလုံးအရင်းနဲ့ တားဆီးပိတ်ဆို့ခံထားရတဲ့ သပိတ်မှောက် ကျောင်းသားတွေက အစာငတ်ခံ ဆန္ဒပြနေတာကို  ဒီကနေ့ ရပ်ဆိုင်းလိုက်ပါတယ်။

မြို့ခံတွေရဲ့ တိုက်တွန်းချက်အရ အခုလို အစာငတ်ခံဆန္ဒပြတာကို ရပ်ဆိုင်းလိုက်တာလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“အခုကျနော်တို့က ရဟန်းသံဃာတွေကရော၊ ဒေသခံတွေကရော မေတ္တာရပ်ခံတဲ့အတွက် ဒီအစာငတ်ခံ ဆန္ဒပြတာကို ရပ်ထားပေးပြီးတော့ နေပူထဲမှာ အမိုးအကာ လုပ်ပေးမယ့် အစီအစဉ်ကိုလည်း လက်မခံဘဲ၊ အမိုးအကာ မပါဘဲ၊ ကျနော်တို့ အခု နေပူထဲမှာပဲ ဆက်လက် ထိုင်သပိတ်ဆင်နွှဲနေပါတယ်။ မနေ့က အစာငတ်ခံတော့ ဘာကြုံတွေ့ရလဲဆိုတော့ ၀ိုင်းဝန်းပေးနေတဲ့ ဒေသခံပြည်သူတွေက ဒီအပေါ်မှာ အလွန်အမင်း စိတ်မချမ်းမသာဖြစ်ပြီးတော့ ရဲတွေရှေ့မှာ ငိုကြီးချက်မနဲ့ ပြောဆို သတိလစ်သွားတာတွေ တွေ့ရတဲ့အခါမှာ ကျောင်းသားတွေကလည်း ကိုယ့် အပြုအမူကြောင့် ဘေးက မိဘပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ  ဖြစ်နေတာကြောင့် သူတို့ရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံလိုက်လျောပေးလိုက်တာပါ" လို့ ပြောပါတယ်။

ကျောင်းသားလူငယ်တွေဟာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့အတွက်လည်း ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ  မူးမေ့ သတိလစ်လဲကျတာတွေလည်း ကြုံတွေ့ခဲ့ကြရတာပါ။

ပထမဆုံးအကြိမ် အစာငတ်ခံဆန္ဒပြခဲ့ရတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဒုတိယနှစ် ဥပဒေကျောင်းသူ မအိပုံက “ညီမက အစာငတ်ခံဆန္ဒပြတဲ့အထဲမှာ ၁ ရက်တော့ ပါခဲ့တယ်။ဆန္ဒပြတဲ့အချိန်မှာ နေကလည်း အရမ်းပူတော့ တနေကုန် အစာငတ်ခံဆန္ဒပြတော့ ခေါင်းတွေ မူးလာတာတို့ ညနေပိုင်းကျတော့ အားချည့်နဲ့သွားတာတို့ လုံးဝ မလှုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ အဲလိုအချိန်မှာ ဒါငါတို့ရဲ့ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေတာ၊ ပြီးတော့ တခြားရဲဘော်တွေကလည်း မစားဘူးဆိုတော့  တကယ်လို့ စားချင်တယ်ဆိုရင်တောင်မှ မြိုသိပ်ပြီး ဒါငါတို့ရဲ့ယုံကြည်ချက်အတွက် ရအောင်လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ထားပြီးဆက်လက် တိုက်ပွဲဝင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ကို ဦးတည်ပြီး ခရီးမိုင် ၄၀၀ နီးပါး လမ်းလျှောက်ချီတက်လာခဲ့ကြတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်သားတွေဟာ ရန်ကုန်ကို ဆက်လက် မထွက်ခွာနိုင်ဘဲ လက်ပံတန်းမှာ လုံခြုံရေး ရဲတပ်ရင်းတွေက အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားခဲ့တဲ့အတွက်  သပိတ်မှောက်ကျောင်းသားတွေနဲ့ သံဃာတော် မတ်လ ၃ ရက်ဒီကနေ့ မွန်းလွဲပိုင်းကစပြီး အစာငတ်ခံ ဆန္ဒပြနေတာဖြစ်ပါတယ်။

ကျောင်းသားတွေနဲ့အတူ ဆွမ်းဘုန်းမပေးဘဲ ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကလည်း ဒီကနေ့ ဆွမ်းအငတ်ခံမှုကို ရပ်နားထားလိုက်ပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းက သံဃနာယဆရာတော်တွေနဲ့  လက်ပံတန်း  မြို့နယ်သံဃ မဟာနာယက အဖွဲ့က သံဃာတော်တွေက ဆန္ဒပြပွဲရာနေရာကို ဒီကနေ့ လာရောက်ပြီး ကျောင်းသားတွေနဲ့ ပူးပေါင်းမှုမလုပ်ဘဲ သီတင်းသုံးရာကျောင်းတွေကို ပြန်ကြွဖို့ ပန်ကြားစာတွေ လာရောက်ဖတ်ကြားခဲ့တယ်။

ရဲလုံခြုံရေးတပ်ဖွဲ့တွေကတော့ ကျောင်းသားတွေ မသွားနိုင်အောင် လမ်းထိပ်မှာ သံဆူးကြိုး အကာအရံအတားအဆီးတွေ ဆက်လက်ချထားကာ ပိတ်ဆို့ထားပြီး အမိုးအကာတဲတွေအောက်မှာ  မတ်တပ်ရပ် အသင့်စောင့်ကြည့်နေရာယူထားကြပါတယ်။

ဓာတ်ပုံ - ကောင်းထက်ကျော်

[gallery ids="84336,84337,84338,84339,84340,84341,84342"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013