
ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေ ရှေ့ဆက်တိုးနိုင်ဖို့ လေကြောင်းကနေ ကျေးရွာတွေအတွင်းကို ဗုံးကြဲတိုက်ခိုက်တာ၊ လုပ်ငန်းခွင်အတွင်းကို စက်လက် ပစ်ခတ်တာတွေ နေ့တိုင်းလိုလိုလုပ်ဆောင်နေတယ်လို့ တပ်မဟာ ၅ (ပြောခွင့်ရ) ပဒိုစောထိုရော်ဘင် က ပြောပါတယ်။
စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက် ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
လက်ရှိမှာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က ကတိုင်တိအထက်နား ဖာပွန်မြို့ကို ရောက်ဖို့ မိုင် ၂၀ လောက်သာ လိုတော့တဲ့ ဘုရားကုန်းအကျော် (ဖားလုံးကျေးရွာ) ကို ဩဂုတ် ၃ ရက် ကရောက်ရှိနေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံနေရပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က ရှေ့ဆက်တိုးနိုင်ဖို့ ဒွယ်လိုး၊ ဘူးသို၊ လူသောမြို့နယ်တွင်းက ကျေးရွာတွေ နဲ့ လုပ်ငန်းခွင်အတွင်းကို လေကြောင်းကနေ ဗုံးကြဲတာ၊ စက်လက်နဲ့ပစ်ခတ်တာတွေကို လုပ်ဆောင် နေပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ”နေ့တိုင်း တနေရာမဟုတ် တနေရာ၊ တရွာမဟုတ်တရွာ ဖြစ်စဉ်ဖြစ်နေတာ၊ ရွာသားတွေလည်း ထိခိုက်တာတွေရှိတယ်။ ခွင်နဲ့ ပြောမယ်ဆိုလို့ရှိရင် ပစ်တာများတာက ဒွယ်လိုးမြို့နယ်နဲ့ ဘူးသိုမြို့နယ်။ ဒီ လူသောမြို့နယ်မှာ ဆိုရင်လည်း ရွာသားတွေက မြက်နုတ်၊ ပေါင်းရှင်းတာကို စက်လက်နဲ့ လှမ်းပစ်တာ။ ဘူးသိုဘက်မှာ ဆိုရင် နှစ်ဖက်ရင်ဆိုင်နေတဲ့ နေရာပစ်တာမဟုတ်ဘဲ ရွာသားတွေ လယ်ထွန်းတဲ့နေရာကို ပစ်ချတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ကျေးရွာတွေ၊ နေအိမ်တွေ၊ လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ စာရင်းမပြုစုရသေးတဲ့အပြင်၊ ဆက်သွယ်ရေးအခက်အခဲကြောင့် ထုတ်ဖော်ပြောဆိုလို့မရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းက ဖာပွန်(ဒွယ်လိုး)မြို့နယ် ကတိုင်တိကျေးရွာအုပ်စု၊ ထီးလော်သီထာကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၁၂ လုံး ပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက် သေဆုံးခဲ့ပါတယ်။
အောင်ခန့်










