DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများ ရန်ကုန်မ၀င်ရန် သံဃဂိုဏ်းပေါင်းစုံမေတ္တာရပ်ခံ
DVB
·
March 5, 2015
ကျောင်းသားများ ရန်ကုန်မ၀င်ရန် သံဃဂိုဏ်းပေါင်းစုံမေတ္တာရပ်ခံ
Donate to DVB

သပိတ်မှောက်ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကိုဝင်ရောက်ရေး ကြိုးပမ်းမှုတွေ မလုပ်ဖို့နဲ့ ပါဝင်ဆန္ဒပြနေတဲ့ သံဃာတော်တွေအနေနဲ့လည်း ကျောင်းသားတွေနဲ့ ဆက်လက် မပူးပေါင်းဖို့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) က မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

ရွှေကျင်၊ ဝေဠုဝန်၊  ငှက်တွင်း စတဲ့ ရန်ကုန်တိုင်းအတွင်းရှိ သံဃဂိုဏ်းတွေက ဆရာတော်ကြီး ၇ ပါးက လက်မှတ်ရေးထိုးပြီး  မတ်လ ၃ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံလိုက်တာ တာပါ။

လက်ပံတန်းကနေ ရန်ကုန်ကို ဦးတည်ချီတက်ဝင်ရောက်ဖို့ ပြင်နေတဲ့ ကျောင်းသားတွေ အနေနဲ့ ဖြစ်စေလိုတဲ့ အခြေအနေတွေကို ငြိမ်းချမ်းအောင်မြင်မှု အပြည့်အ၀ရရှိစေဖို့၊  တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့် ကျောင်းသူကျောင်းသားတွေ အေးချမ်းစွာ စာမေးပွဲဖြေနိုင်ဖို့နဲ့  ပြည်သူတွေအကြား စိုးရိမ်သောကတွေမရှိစေဖို့ ရန်ကုန်ကိုဝင်ရာက်ဖို့ မကြိုးပမ်းဘဲ မိဘရင်ခွင် ပြန်လည်ဝင်ရောက်ခိုလှုံကာ ပေါ်ထွက်လာမယ့် ရလဒ်ကောင်းတွေကို စောင့်ကြည့်ဖို့  မေတ္တာရပ်ခံပါတယ်။

ဒါ့ပြင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်  ဥပဒေကြမ်းအား လွှတ်တော်မှာ  ဆွေးနွေး အတည်ပြုဖို့  ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေမျိုး ဖြစ်လာအောင်  စတင်လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်လို့လည်း ဆရာတော်တွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကြေညာချက်ကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က သံဃာတော်တွေက  သပိတ်မှောက်ကျောင်းသားတွေရှိရာ လက်ပံတန်းမှာ ကြွရောက်ဖတ်ကြားပြခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်ကပြောပါတယ်။

“ဆရာတော်တွေကို ပြန်ပြီး လျှောက်ထားလိုက်ပါတယ်။ ဆရာတော်တွေက အိမ်ပြန်ဖို့ ပြောတဲ့ မေတ္တာ စေတနာကို နားလည်ပါတယ်လို့၊ တပည့်တော်တို့ အနေနဲ့ကလည်း အိမ်ပြန်ဖို့ဟာ စီစဉ်ပြီးသားပါ။ သို့ပေမယ့် တပည့်တော်တို့ အိမ်ပြန်ဖို့အတွက် အချက် ၈ ချက်ပါတဲ့ တောင်းဆိုချက်ကို နယ်လုံဝန်ကြီးနဲ့ ဆွေးနွေးတာ တပည့်တော်တို့ ပြန်မယ့်ဟာကို သဘောမတူဘဲနဲ့ ခုလို ပိတ်ဆို့ ကာဆီးထားတဲ့အကြောင်း လျောက်လိုက်တဲ့အခါကျတော့ ဒီစာကို လာဖတ်ပြတဲ့ ဘုန်းဘုန်းတို့က အဲဒီအကြောင်း အရာကို သူတို့ မသိဘူးဖြစ်နေတယ်။ ကျောင်းသားတွေအနေနဲ့ သံဃာတော်တွေ မိဘပြည်သူတွေ ပူပန်နေတဲ့ စာမေးပွဲရက်တွေကို ကျော်လွှားနိုင်အောင်ရယ်၊ ညီငယ် ညီမငယ်တွေ စာပေးပွဲကို စိတ်ဖြောင့်ဖြောင့် ဖြေနိုင်အောင်ရယ်၊ စာမေးပွဲ ရက်မရောက်ခင် ပြန်ရောက်ဖို့ ရက်တိုအတွင်း စီစဉ်ထားတာပါဘုရားလို့၊  ကားစီးပြီး ရန်ကုန်ကို သွားမယ့်ကိစ္စမှာ  ခွင့်မပြုနိုင်ဘူးဆိုပြီးတော့ ခုလို ပိတ်ပင်မှုတွေလုပ်ထားတဲ့အတွက် ဒီနေရာမှာ သောင်တင်နေရပါ တယ်ဆိုတာကို လျောက်လိုက်တယ်။”

အလားတူ လက်ပံတန်းမှာ ကျောင်းသားတွေနဲ့ အတူပူးပေါင်းဆန္ဒပြနေတဲ့ ရဟန်းသာမဏေ တွေအနေနဲ့လည်း သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်ပြီး သာသနာ့တာဝန်များကို သာထမ်းဆောင်ပေးတော်မူကြဖို့လည်း ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က သီးခြားကြေညာချက်ထုတ်ပြန် ပန်ကြားထားပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ၀န်းရံပေးတဲ့အနေနဲ့ လက်ပံတန်းမှာ ပူးပေါင်းဆန္ဒပြနေတဲ့ သံဃာတော် တစ်ပါးဖြစ်တဲ့ ဦးဥတ္တမက "ဆရာတော်တွေရဲ့ သဘောတရားကိုတော့ လက်ခံပါတယ်။ ဦးဇင်းတို့ကတော့ ကလေးတွေကို ပစ်ထားပြီး သွားလို့မရပါဘူး။ သူတို့သေရင်လည်း လိုက်သေ၊ သူတို့ရှင်ရင်လည်းလိုက်ရှင်ပေါ့။ သူတို့ကို ဖမ်းရင်လည်း လိုက်အဖမ်းခံပေါ့။ အဆုံးစွန်ထိ လိုက်လုပ်ပေးရမှာပါဘဲ။ ဆက်လက်ပြီးတော့ ပူးပေါင်းသွားမှာပါ၊ ဘယ်အခြေအနေရောက်ရောက် ကလေးတွေနဲ့ အတူသွားမှာပဲ။ ကလေးတွေ ဘေးအန္တရာယ်ကင်းဖို့၊ ကလေးတွေရည်မှန်းချက် ပြည့်ဖို့ လိုက်လံ ထိန်းသိမ်း စောင့်ရှောက်ပေးရမယ့် ၀တ္တရားရှိတယ်၊ သို့သော်မေတ္တာ ရပ်ခံစာ တဖက်သတ်ထုတ်တာကတော့ မသင့်တော်ဘူးပေါ့။  ဂိုဏ်းပေါင်းစုံ ဆရာတော် တွေအနေနဲ့ ဒီဘက်ကို မေတ္တာရပ်ခံသလို ဟိုဘက်က ပိတ်ပင်တားဆီးပြီးတော့ တုတ်ဓားတွေနဲ့ လက်နက် တွေအပြည့်အစုံနဲ့ မီးသတ်ကားတွေနဲ့ လုပ်နေတဲ့ ပုဂိုလ်တွေကိုတော့ မေတ္တာရပ်ခံချက်လေး တခုတလေလောက် လုပ်ပေးသင့်တယ်’ လို့ မိန့်ပါတယ်။

ရန်ကုန်တိုင်း သံဃဂိုဏ်းပေါင်းစုံရဲ့ ကြေညာချက်မှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး၊၊ သံဃာတော်များအကြား သဘောထားကွဲလွဲမှု မရှိစေရေးနဲ့ ပြည်သူများအကြား စိုးရိမ်သောကများမရှိစေရေးအတွက် ကျောင်းသားများနှင့် ဆက်လက် မပူးပေါင်းဖို့  မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013