
၂၀၂၆ ခုနှစ် မတ်လ တလတည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်းလုံးက အမျိုးသမီး ၈၈ ယောက် သေဆုံးခဲ့ရပြီး ၅၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၇ ယောက်၊ မတရားသတ်ဖြတ်မှုကြောင့် ၂၁ ယောက်၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၄ ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ မြေမြှပ်မိုင်းနဲ့ ဆေးကုသခွင့် မရရှိတာတွေကြောင့် တယောက်စီ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
သေဆုံးခဲ့ရသူ အမျိုးသမီးတွေထဲ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၂၀ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ယောက်တို့လည်း ပါဝင်ပြီး စစ်ကိုင်းတိုင်းထဲက အများဆုံးလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လအတွင်း အမျိုးသမီး သေဆုံးမှု အများဆုံးဒေသတွေက စစ်ကိုင်းတိုင်းထဲမှာ ၃၇ ယောက်၊ ပဲခူးတိုင်းက ၂၈ ယောက်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေမှာတော့ အမျိုးသမီး ၅ ယောက် စီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်တုန်းက ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်း စတဲ့ကျေးရွာတွေက ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ကာ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် အမျိုးသမီး ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။
BWU က ကိန်းဂဏန်းတွေက တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းအချက်အလက်တွေကို စောင့်ကြည့်တာတွေအပြင် မြေပြင်အချက်အလက်တွေကနေ ကောက်ယူထားတာတွေကို စုစည်းထားတာ ဖြစ်တဲ့အတွက် လက်တွေ့ မြေပြင်အခြေအနေတွေနဲ့ လက်လှမ်းမီနိုင်မှုအပေါ် မူတည်ပြီး ကိန်းဂဏန်းက ပိုများနိုင်ကြောင်းလည်း သိရပါတယ်။










