DVB Logo
Home
Lead Story
အနာဂတ်တွင် လှပခွင့်ကြုံလာဦးမည့် ထားဝယ်ကမ်းခြေများ
DVB
·
March 5, 2015
အနာဂတ်တွင် လှပခွင့်ကြုံလာဦးမည့် ထားဝယ်ကမ်းခြေများ
1 / 21
Donate to DVB

ကမ်းရိုးတန်းဒေသဖြစ်သည့် ထားဝယ်ခရိုင်မှာက အမှန်ဆိုရလျှင်ကမ်းခြေတွေကပေါလှသည်။ အထင်ရှားဆုံးကတော့ မောင်းမကန်ကမ်းခြေ။ ခုနောက်ပိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပေါ်ပေါက်လာပြီးသည့်နောက် ထင်ထင်ရှားရှားဖြစ်လာသည်က မယင်းကြီးကမ်းခြေ။ နောက်ကံပေါက်ဒေသဘက်မှာဆိုလျှင် ဖားချောင်းအင်းကမ်းခြေ။ ခုနောက်ဆုံး စီမံကိန်းတွေ ဘာတွေနှင့် ရင်းနှီးမြှုပ်နှံဖို့ တာစူလာသည်က လောင်းလုံးမြို့နယ်၊ ကြက်လွှတ်ကျေးရွာအနီးက မြင်းခွာအော်ကမ်းခြေပဲ ဖြစ်သည်။

တကယ်တော့ သူ့အရပ်နှင့် သူအသွားအလာရှိကြ၊ အပန်းဖြေကြသည့် ကမ်းခြေတွေကတော့ ကမ်းရိုးတန်းဒေသ ပီသစွာပင် များတော့အများသား။ တကယ်တမ်း ခရီးသွားလုပ်ငန်း စံချိန်စံညွှန်းတွေနှင့်ကိုက်ညီဖို့ဆိုတာတော့ စံသတ်မှတ်ချက်တွေရှိနေသည်မို့ တန်းဝင်၊ မ၀င်တော့ မခန့်မှန်းတတ်။ တခုသေချာသည်က ရှုခင်း၊ မြင်ကွင်းတွေ လှပတာပဲဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း လူသိများထင်ရှားသည့် ကမ်းခြေအတော်များများက လောင်းလုံးမြို့နယ်ထဲက ကမ်းခြေတွေများသည်။ တနည်းအားဖြင့် ထားဝယ်၏ အနောက်ဘက်ကမ်းခြေတွေပဲဖြစ်သည်။

မနေ့ကတော့ ထားဝယ်၏ တောင်ဘက်ကမ်းခြေတွေကို ရောက်သွားဖြစ်ခဲ့သည်။ အသွားတုန်းကတော့ သရက်ချောင်းမြို့နယ်၊ ပဲဒက်ဘက်သွားရင်း အပြန်ခရီးမှာ ဘုတ်တောင်ကိုပြန်မတက်တော့ဘဲ ဘုတ်တောင်ရှောင်ကွင်းလမ်းဟု ခေါ်နိုင်သည့် ဆိတ်ချောင်း၊ ကတွဲလမ်းအတိုင်းဝင်ကာ ထိုရွာတွေအနီးတ၀ိုက်က ကမ်းခြေတွေကို ရောက်သွားခဲ့ခြင်းဖြစ်သည်။ လူနေအိမ်ခြေကျဲပါး၊ ကွမ်းသီးခြံတွေ၊ သီဟိုခြံတွေနှင့်အရိပ်အာဝါသကောင်းသည့် လမ်းကြောင်းကိုဖြတ်ရင်းရောက်သွားခဲ့တာဖြစ်သည်။

ပထမဆုံးရောက်ဖြစ်သည်က ဘုတ်ကမ်းခြေ။ ကမ်းနဖူးမှာ ဘုန်းကြီးကျောင်းလေးတကျောင်းရှိနေတာကို မြင်ရပေမယ့် သီတင်းသုံးသည့်ဆရာတော်ကိုတော့ မဖူးရ။ သော့ခတ်ထားသည်ကိုသာတွေ့သည်။ ဘုတ်ကမ်းခြေရေစပ် ကျောက်ဆောင်ကျွန်းလေးပေါ်မှာတော့ စေတီတဆူတည်ထားတာ ဖူးတွေ့ရသည်။ ထိုကမ်း ခြေကနေပြန်လှည့်ပြီး ကတွဲရွာဘက်ဆက်သွားတော့ လမ်းခွဲလေးအတိုင်းဆင်းသွားပြီး ကတွဲကမ်းခြေကိုရောက်သည်။ ကတွဲကမ်းခြေကတော့ မိမိနှင့်မစိမ်းလှ။ လွန်ခဲ့သည့် ၅ နှစ်ခန့်ကတော့ တခေါက်ရောက်ဖူးသည်။ အေးအေးလူလူထိုင်ခဲ့ဖူးသည်။ ကတွဲကမ်းခြေကနေ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လျှင် ထားဝယ်အငူရှင်မော်တောင်ကို ရေးရေးတွေ့ရသည်။

ပြီးတော့ ဟိုး..အဝေးမှာ မလိကျွန်း။ ကတွဲကမ်းခြေတလျှောက်ဆင်းကြည့်ပြီး ရွာထဲပြန်မ၀င်တော့ဘဲ ရေအတက်အကျကို ချိန်ဆကာ ကတွဲချောင်းကို ဖြတ်ပြီးကမ်းခြေအတိုင်း ကျောက်ခမောက်ကမ်းခြေဘက် ကမ်းခြေအတိုင်း ဆက်ထွက်လာလိုက်သည်။ သည်ကမ်းခြေတွေက ကနက်သီရိဘက်က ကမ်းခြေတွေနှင့်ဆက်စပ်သွားတာ ဖြစ်သည်။

ဆိုရပါလျှင် ထိုကမ်းခြေတွေကို ဒေသတွင်း ခရီးသွားဧည့်သည်တွေ အရောက်အပေါက်တော့ များစေချင်သည်။ ထိုသို့ရောက်လာစေဖို့ဆိုလျှင်တော့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေ ကောင်းအောင်ထပ်ဆောင်းပေးဖို့တော့ လိုပါလိမ့်မည်။ ခရီးစဉ်တခုအနေဖြင့် ရေးဆွဲမည်ဆိုလျှင် ပဲရေပူစမ်းနှင့်ချိတ်ဆက်ကာ ဘုတ်ကမ်းခြေ၊ ကတွဲကမ်းခြေနှင့်ကျောက်ခမောက်ကမ်းခြေဟု ဆွဲနိုင်မည်ထင်သည်။ ကျွမ်းကျင်သူတွေ နယ်ပယ်သစ်ရှာစေချင်ပါသည်။

ဒေသတွင်းကမ်းခြေ အခြေပြုခရီးသွားလုပ်ငန်းတွေ တိုးတက်လာလျှင် ဒေသတွင်းလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ရလာနိုင်မည်ထင်သည်။ တကယ်တော့ ကမ်းခြေအခြေပြုခရီးသွားလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းတွေနှင့် မိမိတို့ဒေသမှ လူငယ်တွေမစိမ်း။ ထိုင်းနိုင်ငံဘက်မှာ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ထားဝယ်လူငယ်တွေက ထိုင်းကမ်းခြေဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းတွေမှာ အတွေ့အကြုံရှိပြီးသားလည်း ဖြစ်သည်မို့ လစာဝင်ငွေကောင်းကောင်းရလျှင် အဆင်ပြေလောက်သည်ဟု ထင်ပါသည်။ တဖက်ကရခဲ့သော အတွေ့အကြုံများဖြင့် အခွင့်သင့်လျှင် မမိတို့ဒေသအတွင်း ကိုယ်ပိုင်စီးပွားထူထောင်နိုင်သည့် လူငယ်တွေအဖြစ် ကမ်းခြေတွေကို ဖန်တီးခွင့်ရစေချင်ပါသည်။ အဝေးရောက် လူငယ်တွေကိုလည်း ထိုအိပ်မက်များ မက်ကြဖို့ တိုက်တွန်းလိုပါသည်။

မိမိတို့ဒေသတွင်း သဘာဝအရင်းအမြစ်တွေ အများကြီးရှိပါသည်။ ဒေသတွင်း အိပ်မက်တွေကို ဒေသတွင်း လူငယ်များပဲ ပိုင်ဆိုင်ခွင့်ရစေချင်ပါသည်။ တချိန်ချိန်မှာတော့ ထားဝယ်ကမ်းခြေများ၏ အနာဂတ်သည် လှပခွင့်ကြုံမည်ဟုတော့ စကားဦးသမ်းထားချင်ပါသည်။

ဖိုးဇော်(ထားဝယ်)

ကတွဲကမ်းခြေ

[gallery ids="84234,84235,84236,84237,84238,84239"]

ဘုတ်ကမ်းခြေ


[gallery ids="84240,84241,84242,84243,84244,84245"]

ကျောက်ခမောက်ကမ်းခြေ

[gallery ids="84246,84247,84248,84249,84250,84251,84252,84253,84254"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013