DVB Logo
Home
မြန်မာသတင်း
ကော့စမွီကျွန်း မြန်မာလူငယ်အသတ်ခံရမှု ထိုင်းလူငယ် ၃ ဦးကို ဖမ်းဆီး
DVB
·
March 4, 2015
ကော့စမွီကျွန်း မြန်မာလူငယ်အသတ်ခံရမှု ထိုင်းလူငယ် ၃ ဦးကို ဖမ်းဆီး
1 / 5
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ မြန်မာအလုပ်သမားလူငယ်တဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  လူငယ် ၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့  ခေါင်ဆွတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

အသက် ၁၈ နှစ်အရွယ်  နိုင်းဖန်းလွန်း ခေါ် နိုင်းကိန်၊ အသက် ၁၇ နှစ်အရွယ် နိုင်းပီယနဲ့ အသက် ၁၆ နှစ်အရွယ်ရှိ နိုင်းတေယ တို့ ၃ ဦးကို လူသတ်မှု ဖြစ်တဲ့ညက စောင့်ကြည့်ကင်မရာကနေ ဖမ်းယူထားတဲ့ အထောက်အထား၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ မတ် ၃ ရက်နေ့က ဖမ်းဆီးလိုက်တာလို့  ကော့စမွီမြို့နယ်   ဘော်ဖွတ်ရဲစခန်းက စခန်းမှူး ထေးဝစ် ပလိန့်ဆွတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရသူ လူငယ် ၃ ဦးကလည်း လူသတ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့ကြပြီး မတ် ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်က လူသတ်မှုနဲ့ ပတ်သက်ရာ နေရာ ၅ ခုမှာ ပြန်လည် သရုပ်ဖော် ပြသခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါ တယ်။

တရားခံ ထိုင်းလူငယ် ၃ ဦးတို့ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်က သူတို့ ၃ ဦး ဆိုင်ကယ်ကိုယ်စီနဲ့ ခဲမ့်ဘီယာဆိုင်ကအပြန် ဖူးချဝိုင်စားသောက်ဆိုင်အနီးမှာ သေဆုံးသူ သက်စိုးရဲ့ ဆိုင်ကယ်နဲ့ တိုက်မိတယ်လို့ ဆိုပါတယ်။

သက်စိုးက တိုက်ပြီး ထွက်ပြေးသွားတဲ့အတွက် သူတို့ ၃ ဦးအနောက်က လိုက်သွားပြီး လျော်ကြေး ဘတ် ၅၀၀ တောင်းခဲ့ကြောင်း၊ သက်စိုးက ငွေမပါတဲ့အတွက် အိမ်မှာလိုက်ယူဖို့ ပြောကြောင်း၊ သူတို့လည်း ဆိုင်ကယ် ၂ စီးနဲ့၊ ၁ စီးက သက်စိုးကို ဆိုင်ကယ်အလယ်မှာ တင်ပြီးလိုက်ခဲ့ကြောင်း၊  ဒါပေမယ့် မှောင်မည်းတဲ့ လမ်းကြားထဲအရောက် သက်စိုးက သူတို့ကို စတင်ရန်ပြုတဲ့အတွက် သူတို့က ဗိုက်ကိုဓားနဲ့ထိုးပြီး လည်ပင်းကိုပါ လှီးဖြတ်ခဲ့တယ်လို့  ၀န်ခံသွားတယ်လို့ ဆိုပါတယ်။

သက်စိုးရဲ့ အပြာရောင်ဟွန်ဒါဝေ့ဖ်ဆိုင်ကယ်ကိုလည်း မဲ့နမ့်ရပ်ကွက် အုန်းခြံတခုထဲမှာ မီးရှို့ခဲ့ပြီး မီးလောင်ထားတဲ့ ဆိုင်ကယ်ကိုလည်း သွားရောက်ပြသခဲ့ကြောင်း၊ အခြားသက်သေတွေအနေနဲ့ သက်စိုးရဲ့ အနက်ရောင်ဂျာကင်အင်္ကျီနဲ့ ခရမ်းရောင် ပိုလိုအင်္ကျီတထည်တို့ပါ ရရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ လူငယ် ၃ ဦးကို ဘော်ဖုတ်ရဲစခန်းက လက်နက်ကိုင်ဆောင်မှု၊ လုယက်မှု၊ ယာဉ် (ဆိုင်ကယ်) အသုံးပြုပြီး အပြစ်ကျူးလွန်မှု၊ လူသတ်မှု  စတဲ့ စွဲချက်တွေနဲ့ တရားဥပဒေအရ အရေးယူသွားမယ်လို့ ရဲစခန်းတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး  ခေါင်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။

သေဆုံးသူ အသက် ၂၂ နှစ်ရှိ ကိုသက်စိုးဟာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုရစ်ကလေး ရွာနေ ဦးမောင်ဝင်းနဲ့ ဒေါ်စိုးတို့ရဲ့ သားအကြီးဆုံး ဖြစ်ပြီး လက်ရှိ တမိသားစုလုံး ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတာပါ။

ရဲစခန်းက တရားခံဖမ်းမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို အကြောင်းမကြားခဲ့သလို သရုပ်ဖော်ပြတဲ့နေရာကို သွားကြည့်ဖို့လည်း မဖိတ်ခေါ်ခဲ့ဘူးလို့ ဖခင်ဖြစ်သူ ဦးမောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို ရဲစခန်းက အကြောင်းမကြားတော့ အဲဒီသရုပ်ပြတဲ့ဟာလည်း မကြည့်ရပါဘူး။ သားနဲ့ နောက်ဆုံး ဖုန်းအဆက်အသွယ်ရတဲ့ သူ့မိန်းကလေးသူငယ်ချင်း ဖြူဖြူဝင်းကိုလည်း အကြောင်းမကြားပါဘူး။ အစတုန်းကတော့ ရဲစခန်းက ခေါ်မေးပါသေးတယ်။ အခု ဘာလို့ မပြောလဲဆိုတာ နားမလည်ပါဘူး။ ဒီလိုလုပ်တော့ ကျနော်တို့တောင် တရားခံအစစ် ဟုတ်ရဲ့လားလို့ သံသယရှိတယ်။”

ကော့စမွီက လူမှုကူညီရေးအဖွဲ့ဝင် ကိုသန်းရွှေက အဖမ်းခံရတဲ့ လူငယ်တွေဟာ ထိုင်း လေလွင့်လူငယ်တွေ ဖြစ်ကြောင်း၊ သူတို့ ၃ ယောက်ထဲက တဦးဟာ အရင်က ရခိုင်မိန်းကလေးတဦး နဲ့ မြန်မာအလုပ်သမားတဦးဆီကနေ ငွေလုခဲ့ဖူးကြောင်း၊ သူတို့ဟာ အဖွဲ့လိုက် သောင်းကျန်းနေတာ ဖြစ်တဲ့အတွက် ၃ ဦး ဖမ်းမိရုံနဲ့ မြန်မာအလုပ်သမားတို့ဘ၀ လုံခြုံမှာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောသွားပါတယ်။

ကိုသက်စိုးကို မတ် ၅ ရက်နေ့  ဘော်ဖွတ်ဘုန်းကြီးကျောင်းမှာ သင်္ဂြိုဟ်မယ်လို့  မိသားစုက ပြောပါတယ်။

ကော့စမွီကျွန်းမှာ ၅ ရက်အတွင်း မြန်မာအလုပ်သမား ၂ ဦး အသတ်ခံခဲ့ရပြီး အဲဒီ ၂ ဦးဖြစ်တဲ့ အသက် ၂၂ နှစ်ရှိ မချောငယ်ငယ်နဲ့ ကိုသက်စိုးတို့ဟာလည်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း မုရစ်ကလေးကျေးရွာ တရွာတည်းနေ ဆွေမျိုးတော်စပ်သူတွေ ဖြစ်ကြပါတယ်။

အခင်းဖြစ်ပွားမှု ပြန်လည်သရုပ်ဖော်ပြသစဉ် (ဓာတ်ပုံ - khaosod)

[gallery ids="84147,84148,84149,84150,84151"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013