ဆော်ဒီဘုရင်က ညွန့်ပေါင်းတပ်ဖွဲ့အတွက် တပ်မှူးအသစ် ခန့်အပ်

ယီမင်နိုင်ငံရှိ အီရန်ကိုလိုလားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ တပ်မှူးကို ဆော်ဒီအာရေဗျဘုရင်က နိုဝင်ဘာ ၁၆ ရက်မှာ အစားထိုး ခန့်အပ်လိုက်ပါတယ်။
ဆော်ဒီဘက်က မဟာမိတ် ယီမင်အစိုးရတပ်ဖွဲ့တွေက နယ်မြေဒေသအများအပြားကနေ ဆုတ်ခွာ ပေးလိုက်ရပြီး စစ်ဆင်ရေးအတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်ခဲ့ပြီးတဲ့နောက် ခုလိုအပြောင်းအလဲ လုပ်လာတာ ဖြစ်ပါတယ်။
ဆော်ဒီဘုရင် ဆယ်လ်မန်ထုတ်ပြန်တဲ့ ဘုရင့်အမိန့်တော်မှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဖော်ပြထားပါတယ်။
လက်ရှိ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဖာ့ဒ်ဘင်ဟာမဒ် အယ်လ်-ဆယ်လ်မန်ကို ကာကွယ်ရေး ဝန်ကြီးရဲ့ စစ်ရေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်လိုက်ပြီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖာယာဒ် ဘင်ဟာမဒ် အယ်လ်-ရူဝိုင်လီကိုတော့ ပူးတွဲတပ်ဖွဲ့တွေရဲ့ တပ်မှူးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်ဖို့ တာဝန်ပေးလိုက်တယ်လို့ ဆော်ဒီနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။
အနောက်နိုင်ငံက သံတမန် ၂ ယောက်ကတော့ ဒီပြောင်းလဲမှုဟာ ယီမင်နိုင်ငံ စစ်မြေပြင် အခြေအနေ တွေနဲ့ ဟူသီသူပုန်တွေ ရှေ့ဆက်တိုးလာမှုတို့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ပြောပါတယ်။
ဆော်ဒီအစိုးရ မီဒီယာရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း တုံ့ပြန် ဖြေကြားတာ မရှိသေးပါဘူး။
အခုနွေရာသီမှာ အမေရိကန်နဲ့ အီရန်တို့အကြား ပဋိပက္ခတွေ ပြန်ဖြစ်လာလို့ ယီမင်နိုင်ငံရဲ့ ရပ်တန့် နေခဲ့တဲ့ ပြည်တွင်းစစ်မီး ပြန်တောက်လောင်လာခဲ့တာပါ။
ဒီအခြေအနေမှာ ဆော်ဒီ ထောက်ပံ့ကူညီထားတဲ့ ယီမင်အစိုးရကို ဆန့်ကျင်ပြီး ဟူသီအဖွဲ့က နယ်မြေ တွေကို အမြန်သိမ်းပိုက်ရယူလာခဲ့ပါတယ်။ ဒါကြောင့် ဆော်ဒီအာရေဗျကို ဟူသီအဖွဲ့နဲ့ထပ်ပြီး ပဋိပက္ခဖြစ်စေတဲ့ အခြေအနေကို ပြန်ရောက်စေခဲ့ပါတယ်။
ယီမင်အစိုးရက တောင်ပိုင်းကမ်းရိုးတန်း ဆိပ်ကမ်းမြို့ အေဒင်က အဓိကစစ်ဆင်ရေးစခန်းကို ကာကွယ်ဖို့ အာရုံစိုက်နိုင်ရေး အတွက်၊ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း သွားလာရေး လမ်းကြောင်း အချက်အချာဖြစ်တဲ့ ဘာဘ်အယ်လ်-မန်ဒက်ဘ် ရေလက်ကြားနားက နယ်မြေတွေကနေ ဆုတ်ခွာ သွားမယ်လို့ နိုဝင်ဘာလ ၁၅ ရက်မှာ ကြေညာပါတယ်။
Source:Reuters











